နေပြည်တော် စက်တင်ဘာ ၁၃

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန(DMC) ကျင်းပသည်။

 

အစည်းအဝေးသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်လျက်ရှိသော တောင်တရုတ်ပင်လယ်အတွင်းရှိ တိုင်ဖွန်းမုန်တိုင်းရာဂီ၏ အရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်နောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လည်းကောင်း တိုင်းဒေသကြီး/ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှု များရှိခဲ့ကြောင်း၊ ရေကြီးသည်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ခဲ့ကြ ကြောင်း၊ ဆက်လက်၍ နေအိမ်၊ လမ်းတံတား၊ အခြေခံအဆောက်အဦပျက်စီးမှုများ၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ  ပြန်လည်ထူထောင်ရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေဘေးသင့်သူများအတွက် လိုအပ်သောထောက်ပံ့ကူညီမှုများ ကဏ္ဍအလိုက်ထိခိုက်ပျက်စီးမှုများကို အထက်အဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီတင်ပြခြင်း၊  လမ်းညွှန်မှုခံယူအကောင်အထည်ဖော်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများက ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။  

 

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြစ်ပွားနေသော ရေကြီး ရေလျှံမှုများနှင့်စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်မှုများ၊ ASEAN Coordinating Center for Humanitarian Assistance on Disaster Management- AHA Center မှ လူသားချင်းစာနာထောက်ထားမှု အကူအညီ များပေးပို့မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင် ဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဖြစ်ပေါ် နိုင်သည့် မိုးလေဝသအခြေအနေများအရ ဆောင်ရွက်ရန်လျာထားမှုများကို ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးချက်များအရ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နေသော နေရာဒေသများအလိုက် သတင်း အချက်အလက် လွယ်ကူလျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်း/ပြည်ပမှ လှူဒါန်း ရောက်ရှိသော ပစ္စည်းများနှင့်စပ်လျဉ်း၍ လိုအပ်သောသွင်းကုန်ဆိုင်ရာ၊ အကောက်အခွန်ဆိုင်ရာ၊ ပို့ဆောင်မှုဆိုင်ရာ စသည့်လုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ဝန်ကြီးဌာန/ အဖွဲ့အစည်း များအလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေ ကိန်းဂဏန်းအချက်အလက်များကို အထက်အဆင့်ဆင့်သို့ အချိန်နှင့် တစ်ပြေးညီတင်ပြနိုင်ရေး၊ ဆည်မြောင်း၊ တာတမံများနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အန္တရာယ်ဖြစ်ပွား နိုင်မှုဆိုင်ရာ အသိပေးချက်များ၊ သတင်းအချက်အလက်များကို ပြည်သူများလက်လှမ်းမီသိရှိနိုင်ရေး၊ မြစ်ရေကြီးမှုအပါအဝင် သဘာဝဘေး အန္တရာယ်ကျရောက်နိုင်ခြေရှိသည့် နေရာဒေသများအား အသိပေးကြေညာရာ၌ ထိခိုက်နိုင်ခြေရှိသည့် မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဖော်ပြကြေညာသွားရန်၊ လိုအပ်ပါက ကြိုတင်ရွှေ့ပြောင်း နိုင်ရေးကိုပါ ထည့်သွင်းဖော်ပြရန်တို့အပါအဝင် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)