ရန်ကုန် စက်တင်ဘာ ၁၃

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သုဝဏ္ဏ)၌ ကျင်းပသည့် မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms Ma Jia နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်တို့မှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တရုတ်သံအမတ်ကြီးက ပံ့ပိုးလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစား လေ့ကျင့်ရေးပစ္စည်းများ ထောက်ပံ့ပေးမှု၊ မြန်မာအားကစားအဖွဲ့များအတွက် နည်းပြစေလွှတ်ပေးမှု၊ မြန်မာအားကစားသမားများကို တရုတ်နိုင်ငံသို့ခေါ်ယူ၍ ပူးတွဲလေ့ကျင့်ပေးမှုများကို ဆောင်ရွက်ပေးခဲ့ သည့်အပြင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဖွင့်ပွဲနှင့်ပိတ်ပွဲကိုလည်း အဆင့် အတန်းမီ ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲကျင်းပရေးကိစ္စများတွင် ကူညီပံ့ပိုးဆောင်ရွက် ပေးခဲ့မှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်း၊ ရန်ကုန်မြို့ရှိ သမိုင်းဝင်အောင်ဆန်း အားကစားပြိုင် ကွင်းကြီးကို နိုင်ငံတကာအဆင့်မီ အသစ်တည်ဆောက်နိုင်ရေးနှင့် ယခုနှစ် ဒီဇင်ဘာတွင်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွက် ကူညီပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်ပေးရန် ပြောကြားသည်။

 

ထို့နောက် တရုတ်နိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်များအတွက် တရုတ်ယွမ်ငွေ (၅၀၀၀၀)နှင့် ညီမျှသော အမေရိကန်ဒေါ်လာ (၇၀၃၀)စီကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာအဖွဲ့ချုပ် ဥက္ကဌများနှင့် ဒုတိယဥက္ကဌတို့က လက်ခံရယူကြပြီး မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဌ ဦးသစ္စာက အဖွဲ့ချုပ်များကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် အဖွဲ့ချုပ်များကိုယ်စား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မျိုးဆက်သစ်လူငယ် ဝူရှူး အားကစားသမားများနှင့် ခြင်းလုံးအားကစားမယ်တစ်ဦးတို့က အားကစားနည်းအလိုက် သရုပ်ပြသကြ ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရေကူးကန်တွင် ပရိတ်သတ်(၄၀၀)ဆန့် RC နှစ်ထပ်ပွဲကြည့်စင် တည်ဆောက် နေမှုနှင့် ရေကူးကန်ထိန်းသိမ်းအသုံးပြုနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဘတ်ဂျက်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်ရေးနှင့် လိုအပ်သည်များကို မှာကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျှက်ရှိသော တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန RC နှစ်ထပ်ရုံးသစ် တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်တည်ဆောက်ရေးနှင့် ဘောလုံးကွင်းမြက်ခင်း ပြုပြင်ရေးအတွက် လိုအပ်သည်များမှာကြားကာ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)