နေပြည်တော် စက်တင်ဘာ ၁၃
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကွပ်ကဲမှု အောက်ရှိ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး ရေးလုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ လုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ လုပ်ငန်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲ များ၊ ဖိတ်ကြားထားရှိသည့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက Online System ဖြင့် တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းလုပ်ငန်းများကို စနစ်တကျစိစစ်၍ အမှန်တကယ်လိုအပ်ချက်ရှိသည့် ဒေသများအတွက် အကျိုး ဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အရေးပါသော အခန်းကဏ္ဍ၌ပါဝင်နေသဖြင့် လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဒေသဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီများအနေဖြင့် လိုအပ်ချက်ရှိသည်များကို မြေပြင်ကွင်းဆင်းစိစစ်၍ အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေးကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ဒုတိယဥက္ကဋ္ဌ (၂)၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ လုပ်ငန်းကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများက၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ ဦးစားပေးအလိုက် လျာထားမှုအခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် ဆက်လက်လျာထားဆောင်ရွက်သွားမည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြ ခဲ့ကြပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


