ရန်ကုန် စက်တင်ဘာ ၁၃
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ ပါမောက္ခချုပ်ဆရာတော်များနှင့် သင်ကြား/စီမံ ဆရာတော်များ ကြွရောက်တော်မူ ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များ တက်ရောက်ကြသည်။
ဦးစွာအစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ က "အနိစ္စာဝတ သင်္ခါရာ"နှင့် "ဝယဓမ္မာ သင်္ခါရာ"ဟူသော မြတ်ဗုဒ္ဓ၏ မိန့်မှာချက်များကို အလေးအနက်ထားဆင်ခြင်ပြီး "အပ္ပမာဒေန သမ္ပာဒေထ" ဟူသော ပစ္ဆိမပါဝစန (နောက်ဆုံး မိန့်မှာချက်)ကို လိုက်နာ ကျင့်သုံးလျက် ဗုဒ္ဓသာသနာတော်ကြီးနှင့် တွေ့ကြုံရသည့် အခွင့်ကောင်း အခါကောင်းကိုလည်း အပြည့်အဝ အသုံးချနိုင် ကြပါစေကြောင်း အဖွင့်သြဝါဒကထာ မြွက်ကြားသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)ကို ဖွင့်လှစ်ခဲ့သည်မှာ (၃၈)နှစ်သို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ သာသနတက္ကသီလဓမ္မာစရိယနှင့် သာသနတက္ကသီလမဟာဓမ္မာစရိယ ဘွဲ့ရအရှင်မြတ် များအနေဖြင့် ပြည်တွင်း၊ ပြည်ပနှစ်ဌာနတို့၌ သာသနာပြုလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နေကြသည်ကို တွေ့ရှိနေရပါကြောင်း၊ အနာဂတ်သာသနာတော်ရေရှည်တည်တံ့ထွန်းကားပြန့်ပွားရေးအတွက် ခေတ်မီသာသနာပြုလုပ် ငန်းများ ကို လုပ်ဆောင်နိုင်မည့် ပရိယတ္တိသာသနာ့တက္ကသိုလ်များ နိုင်ငံတော်တွင် ပေါ်ထွက်လာခဲ့ပြီဖြစ်ပါကြောင်း၊ မြတ်ဗုဒ္ဓဒေသနာတော်များ မြဲမြံရှည်ခံ့တည်တံ့စေရန် ဘက်စုံထောင့်စုံ ပုဂ္ဂိုလ်အသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့ဖြင့် ကျရာလုပ်ငန်းကဏ္ဍအလိုက် အားဖြည့်ထောက်ပံ့လှူဒါန်းနိုင်ရေး စွမ်းနိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။
ယင်းနောက် တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များအုပ်ချုပ်ရေးဗဟို အဖွဲ့အစည်းအဝေး (၁/၂၀၂၄) ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ တက္ကသိုလ်များ ဗဟိုပညာရေးအဖွဲ့ အစည်းအဝေး (၂/၂၀၂၄)တင်ပြချက်များကို လည်းကောင်း လျှောက်ထား သည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ဆရာတော်များနှင့် ပညာရှင်လူပုဂ္ဂိုလ်များက တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့အစည်းအဝေး (၂/၂၀၂၄)နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေး၍ ဆုံးဖြတ်ချက် (၇)ရပ်ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒကထာ မြွက်ကြားသည်။
ထို့နောက် အစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး ဒုတိယဝန်ကြီးက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
(သတင်းစဉ်)


