နေပြည်တော်၊ စက်တင်ဘာ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးကာရေနစ်မြုပ်မှုများဖြစ်ပေါ်နေသည့် ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိ မြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့မှ ကျေးရွာပြည်သူများ ယာယီရေဘေးရှောင်လျက်ရှိသော ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်နှင့် အောင်စည်သာဘုန်းတော်ကြီးကျောင်းတို့၌ ဖွင့်လှစ်ထားရှိသည့် ယာယီ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ ပေးစကားများ ပြောကြားကာ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း(၄၇ ဒသမ ၉၀၈)တန်ဖိုးရှိ ဆန်ရိက္ခာဖိုးနှင့် ခေါက်ဆွဲခြောက် ထုပ်များ ထောက်ပံ့ပေးအပ်သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေဘေးရှောင်ပြည်သူများအတွက် ဦးစိုးနိုင်နှင့် ဒေါ်အေးအေးခိုင် “အေးအေးခိုင်”ကျောက်မျက်ကုမ္ပဏီမိသားစုက ငွေကျပ် သိန်း (၃၀၀)တန်ဖိုးရှိ ဆန်(၂၄) ပြည်အိတ်(၃၀၀)၊ MSG Co.,Ltd ဥက္ကဋ္ဌ ဦးရဲရင့်အောင်မိသားစုက ငွေကျပ် သိန်း(၂၀၀) တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်နှင့် ဆေးဝါးများ၊ ထာဝရဝိန့်စိန် စိန်ရွှေရတနာရွှေဆိုင်က ငွေကျပ်သိန်း(၅၀)တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဒေါက်တာအေးခိုင်ညွန့် မိသားစုတို့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မရှိခဏဘုန်းကြီး ကျောင်းရှိ ယာယီရေဘေးရှောင်စခန်းမှ ရေဘေးရှောင်ပြည်သူများအတွက် နေ့လည်စာထမင်းဘူး(၃၀၀)၊ အိမ်ချက်ကုလားပဲဟင်းဘူး(၁၀၀)နှင့် လူ(၄၀၀)အတွက် အဝတ်အထည်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


