နေပြည်တော် စက်တင်ဘာ ၁၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲသည် ပြည်သူ့ဆေးရုံ (တပ်ကုန်းမြို့)သို့ရောက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ဆေးရုံအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှု၊ ပြည်သူ့ဆေးရုံ၌ ပြင်ပလူနာဌာနသို့ လာရောက်ပြသသော လူနာများအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှု၊ ရေဝင်ရောက်ခဲ့သော လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် ဆေးရုံသုံး စက်ပစ္စည်းများ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေမီးအမြန်ဆုံး ပြန်လည်ရရှိ၍ ဆေးရုံလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရေး ဆွေးနွေးမှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးကာ ကျန်းမာရေး ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ယခင် ခုတင်(၅၀) ပြည်သူ့ဆေးရုံအဆောင်ဟောင်းတွင် အတွင်းလူနာကြည့်ရှုကုသနေမှု အခြေအနေများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ အထက(၁)၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူ (၃၉၂၅)ဦး၊ ငွေတောင်တောရကျောင်းရှိ ရေဘေးသင့် ပြည်သူ (၆၂၀)ဦးတို့အား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ရေဘေးရှောင်စခန်းများတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရေး၊ (၂၄)နာရီ အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ သန့်စင်သည့်ရေကို သောက်သုံးနိုင်ရေး၊ သောက်ရေ တင်မကဘဲ သုံးရေ လုံလောက်စွာ ရရှိရေးအတွက်လည်း စီစဉ်ဆောင်ရွက်စေရေး၊ ယင်လုံအိမ်သာ စနစ်တကျသုံးစွဲနိုင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အစားအစာ များကို သန့်ရှင်းစွာနှင့် ပူပူနွေးနွေး စားသုံးနိုင်ရေး၊ အမှိုက်များကို အဖုံးပါသည့် အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်နိုင်ရေး၊ ကူးစက် ရောဂါများ ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးရေးနှင့် ဆေးရုံသို့ လွှဲပြောင်းကုသရန် လိုအပ်သည့်လူနာများကို အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းကုသနိုင်ရေးတို့ကို မှာကြားကာ Emergency Medical Kitများ၊ ရေသန့်ဆေးပြားများနှင့် ဆေးဝါးများနှင့် ကျန်းမာရေးစောင့် ရှောက်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းများအတွင် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


