နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နေပြည်တော် ကောင်စီနယ်မြေအတွင်း  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်  လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

 

 

နေပြည်တော် စက်တင်ဘာ  ၁၃

တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂီ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင်  ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် အခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရုတ်တရက်ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ သည်။

 

ထိုသို့ ဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာ နယ်မြေအလိုက် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊   ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့်အတူ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး ခြင်း၊ လမ်း/တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ ပြိုကျပျက်စီးခဲ့သည့် အုတ်တံတိုင်းများနှင့်  အဆောက်အဦများ အား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လမ်းများ၌ ပိတ်ဆို့နေသည့် သစ်ပင်/သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ပေးခြင်းလုပ်ငန်းများကို   ဆောင်ရွက်ပေးလျက်ရှိပြီး ရေဘေးသင့်   ပြည်သူများအား သက်ဆိုင်ရာ   မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းများ၌ ကူညီကယ်ဆယ်နေရာချထားပေးကာ လိုအပ်သည့်       ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊  စားရေရိက္ခာများ ဝေငှခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။

 

ကြည့်ရှုစစ်ဆေး

ထိုသို့    ကူညီကယ်ဆယ်ရေးလုပ်ငန်း   ဆောင်ရွက်နေမှုများ၊ ရေကြီး   ရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ သည့် လမ်း၊ တံတားများ လမ်းပန်းဆက်သွယ် မှု မပြတ်တောက်စေရေးအတွက် ယာယီပြင်ဆင်   ဆောင်ရွက်နေမှု များနှင့်   ရေကြီးရေလျှံမှုအခြေ အနေများကို      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

 

ဘေလီတံတားထိုး၍ ပြင်ဆင်ဆောင်ရွက်

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်နှင့်  ပုဗ္ဗသီရိ မြို့နယ်တို့ကို    ဆက်သွယ်ထား သော   ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ အရှည် ပေ ၃၆၀၊ အကျယ် ၅၅ ပေ ရှိ သိုက်ချောင်းတံတား (ဆင်သေ ချောင်းကူး)သည်  ဆင်သေချောင်း တစ်လျှောက် ရုတ်တရက်ရေကြီး ရေလျှံခြင်းများကြောင့်  တံတားကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာ ပေါင်ပျက်စီးခြင်း၊ တံတားရေလယ်တိုင်(Pier)များ  နိမ့်ကျခြင်းများဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်း ဆက်သွယ်မှု  မပြတ်တောက်စေရေး ဘေလီတံတားထိုး၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို   သွားရောက်ကြည့်ရှု စစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

အမြန်ဆုံးဆောင်ရွက်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)အပြင် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြား တံတားများကိုလည်း အများပြည်သူသွားလာရေး အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေ ရေး       ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊  ရေကြီးရေလျှံမှုများ လျော့ပါးသွားချိန်၌  ပျက်စီးသွားသည့် တံတားများ ပြန်လည်ပြုပြင် တည်ဆောက်ရာတွင်လည်းရေရှည် တည်တံ့ခိုင်မြဲရေး၊  သဘာဝဘေး ဒဏ်ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှု များ ဖြစ်ပေါ်ချိန်တွင် အရှိန်အဟုန် ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့်သွင်းတွက်ချက်၍    ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။ 

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့်  ရပ်ကွက်/ကျေး ရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများအား ယာယီရေဘေးရှောင်စခန်း များသို့ ကူညီပြောင်းရွှေ့ပေးထားမှုအခြေအနေများကို မေးမြန်းကာ ရေဘေးသင့် ပြည်သူများ၏ နေရေးနှင့်စားရေး အဆင်ပြေစေရေးအတွက်   စီမံဆောင်ရွက်ပေးသွားရန်နှင့် လိုအပ်သည့်  ထောက်ပံ့မှုများကိုလည်း ဆောင်ရွက် ပေးသွားရမည်  ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများ၏  ဆွမ်းကိစ္စ အဆင်ပြေစေရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို မှာကြားသည်။

 

အမြန်ဆုံးဖယ်ရှားရှင်းလင်း

ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သိုက်ချောင်းကျေးရွာမှ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍  စိုက်ဧကများ  ရေတိုက်စားမှု ကြောင့် ထိခိုက်ပျက်စီးနေမှုအခြေအနေများ၊ ကျေးရွာများအတွင်း ရေဝင်ရောက်နေမှုများ၊ ပင်လောင်း လမ်းဆုံနှင့်   ရန်ကုန်-မန္တလေး လမ်းဟောင်းမှ လှေခွင်းတောင်သို့ဝင်ရောက်သည့်   လမ်းပိုင်းနေရာများတွင်   ရေကျော်ဖြစ်ပေါ်နေမှု အခြေအနေများ၊  ကုန်တင်ကား ကြီးများနှင့်  ခရီးသည်တင်ယာဉ် များစောင့်ဆိုင်းနေရမှု အခြေအနေများ၊   ကျောက်ချက်တံတား (ဆင်သေချောင်းကူး) ပေါ်မှတစ်ဆင့် ဆင်သေချောင်းအတွင်း ရေများ အဆက်မပြတ် စီးဆင်း နေမှုအခြေအနေများ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝက်ကုန်းကျေးရွာနှင့် ပေါက်တောကျေးရွာ လမ်းကြောင်းတစ်လျှောက် လူနေအိမ်များ ရေဝင်ရောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေကြီးရေလျှံမှုများကြောင့် လမ်းများ၌ သစ်ပင်/သစ်ကိုင်းများ ပိတ်ဆို့နေမှုများကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရန်  လိုကြောင်း၊ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မှသာလျှင်  ရေဝပ်မှုများ ကျဆင်းသွား မည်ဖြစ်သဖြင့်     လုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ယန္တရားအင်အား၊   လူအင်အားများကို အင်ပြည့်အားပြည့်ဖြင့် အသုံးပြု ဆောင်ရွက်သွားရန်  လိုကြောင်း၊ စက်ယန္တရားများရှိသည့် ဝန်ကြီးဌာနများနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့များမှ   စက်ယန္တရားများ ထပ်မံထုတ်ယူ၍ ရေစီးရေလာကောင်းမွန်အောင် ရေလမ်းကြောင်း အမြန်ရှင်းလင်းရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့်    ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း  အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရေး စီမံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကား  ပြောကြားသည်။

ရေစီးရေလာကောင်းမွန်ရေး

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အေးမြင့် သာယာတံတား  (ဆင်သေချောင်းကူး)သို့  ရောက်ရှိကြပြီး ရေစီးအားကြောင့် တံတားချဉ်းကပ်လမ်း    မြေကာနံရံပဲ့ကျ ပျက်စီးနေမှု   အခြေအနေများနှင့် ဆင်သေချောင်းအတွင်း သစ်ပင်၊ သစ်တုံးများ  မျောပါပြီး  တံတား အောက်ခြေတိုင်များတွင်  ပိတ်ဆို့နေမှုများကို ဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးကာ  တာဝန်ရှိသူ များ၏   တင်ပြချက်များအပေါ် တံတားများနှင့် လမ်းများအားလုံး ရေစီးရေလာ  ကောင်းမွန်စေရေး အတွက်  ဆောင်ရွက် သွားရန်နှင့်လုပ်ငန်းများ   ပိုမိုမြန်ဆန်မှုရှိစေရေး  စက်ယန္တရားများကို ထိရောက်စွာ အသုံးပြုသွားရန်လို ကြောင်းနှင့်   ရေဖုံးလွှမ်းခဲ့သည့် လမ်းတစ်လျှောက်   တင်ကျန်ခဲ့သည့်  ရွှံ့နွံများဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှု၍ လိုအပ်သည် များကို မှာကြားသည်။

 

ထို့နောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်  တာဝန်ရှိသူများအား နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဒဏ်ခံခဲ့သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်ပြည့်အားပြည့်ဖြင့် အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့  ကူညီကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံး ရောက်ရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်ဖွန်း မုန်တိုင်းရာဂီ၏ အရှိန်ကြောင့်  ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့်   အခြားနိုင်ငံများနည်းတူ    ပြည်ပနိုင်ငံ များမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက်လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့်  အမြန်ဆုံးချိတ်ဆက် ရယူနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ရေဘေးသင့်ပြည်သူများအား       အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

 

အသိပေးနှိုးဆော်ထား

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း ယနေ့နံနက်ပိုင်းမှ စက်တင်ဘာ  ၁၅  ရက်နေ့အထိ ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ  လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်   မြေပြိုခြင်း စသည့်  သဘာဝဘေးအန္တရာယ်များ  ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြို မှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံ မှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်