ရန်ကုန် စက်တင်ဘာ ၁၄
ရွှေတိဂုံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဒုတိယဝန်ကြီး ဦအေးထွန်းက ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ရွှေတိဂုံစေတီမြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ရေးနှင့်စပ်လျဉ်း၍ ဩဝါဒခံယူခြင်းစာတမ်းကိုဖတ်ကြား လျှောက်ထားသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများက ဩဝါဒကထာများ မိန့်ကြားတော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြကာ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစ ကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်များတန်ဆောင်း၌ ကျင်းပသည့် ၂၀၂၄ - ၂၀၂၅ ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးက ခုနှစ်အလိုက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှုအခြေအနေ၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှု၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်ကွပ်ကဲမှုတို့ဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော် သွားမည့်လုပ်ငန်းအစီအစဉ်များနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချအခမ်းအနားများ ကျင်းပသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဋ္ဌေး က ၂၀၂၄-၂၀၂၅ ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ရန်လျာထားသည့် ရွှေပြားနမူနာများကို ကြည့်ရှုစစ်ဆေးပြီး ရွှေတိဂုံစေတီတော်အထက်ပစ္စယံသို့ တက်ရောက်၍ ဖူးမြှော်ကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်