နေပြည်တော် စက်တင်ဘာ ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးကာ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် သူဌေးကုန်းရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ၌ ရေဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ပြီး ပြန်လည်ပြုပြင်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပြီး စာသင်ကြားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်ရှိ အောင်ဇေယျအလယ်တန်းကျောင်း၊ ဘုရင့်နောင်ရပ်ကွက်ရှိ ဘုရင့်နောင်အလယ်တန်းကျောင်း (ခွဲ)၊ ဆရာစံရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးရေနစ်မြုပ်ကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စာသင်ဆောင် အခြေအနေများသို့လည်းကောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများသို့ လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ လှည့်လည်ကြည့်ရှုစဉ် အဆိုပါကျောင်းများမှ ဆရာ၊ ဆရာမများနှင့် လည်းကောင်း၊ ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးဒုက္ခသည်များနှင့်လည်းကောင်း တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ချီးမြှင့်ထောက်ပံ့ငွေများ၊ ရေသန့်ဘူးနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးအပ်၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်