နေပြည်တော် စက်တင်ဘာ ၁၄
မြန်မာအစားအသောက် ဓာတ်ခွဲခန်းကွန်ယက်အသင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၄ခုနှစ် ဇူလိုင်လ အထိ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်း စုစုပေါင်း (၂၅၈၅၀) ခု ရှိသည့်အနက် အစားအသောက်ကဏ္ဍတွင် လုပ်ငန်း (၁၄၄၆၉) ခု ရှိကြောင်း၊ ပြည်တွင်းမှထုတ်လုပ်သည့် စားသောက်ကုန်များ၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားသောက်ကုန်များသည် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခြင်းရှိ/ မရှိ သိရှိနိုင်ရေးအတွက် စမ်းသပ်စစ်ဆေးမည့် ခေတ်မီဓာတ်ခွဲခန်းများ များစွာလိုအပ်ကြောင်း၊ ထို့ပြင် ပြည်တွင်းမှထုတ်လုပ်၍ ပြည်ပသို့တင်ပို့မည့် ထုတ်ကုန်များ၏ အရည်အသွေးပိုင်းဆိုင်ရာ ထောက်ခံချက်များသည် တိကျမှန်ကန်ရန် အရေးကြီးကြောင်း။
မြန်မာအစားအသောက်ဓာတ်ခွဲခန်း ကွန်ယက်အသင်းကို ၂၀၁၆ ခုနှစ်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဓာတ်ခွဲခန်းများဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် စက်မှုဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းများသာမက ပုဂ္ဂလိကဓာတ်ခွဲခန်းများဖြစ်သည့် FIDS, SGS, OMIC, Sci-spec နှင့် မြန်မာ့ဩဘာ ဓာတ်ခွဲခန်းများလည်း ထပ်မံပါဝင်လာကြောင်း၊ ၂၀၂၁ ခုနှစ်တွင် မြန်မာအစားအသောက် ဓာတ်ခွဲခန်း ကွန်ယက်အသင်းအား တရားဝင် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်ခဲ့ပြီး ယနေ့အထိ ဓာတ်ခွဲခန်း (၃၁) ခု ပါဝင်သော ခိုင်မာတောင့်တင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး မြန်မာနိုင်ငံသားများအတွက် စားသောက်ကုန်ပစ္စည်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက်သာမက MSME စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးကြီးကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြသည်။
ထို့နောက် မြန်မာအစားအသောက် ဓာတ်ခွဲခန်း ကွန်ယက်အသင်း ဥက္ကဋ္ဌက ကွန်ယက်ဖွဲ့စည်းထားရှိမှုနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ အသင်းအတွင်းရေးမှူးက အသင်း၏ နှစ်ပတ်လည် အစီရင်ခံစာကို ဖတ်ကြားခြင်း၊ အဖွဲ့ဝင်ဓာတ်ခွဲခန်းများအား အသိအမှတ်ပြု မှတ်တမ်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ) သို့ ရောက်ရှိပြီး အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေသည့် အလုပ်ရုံများ၊ တစ်နေ့ ပျော့ဖတ်အစို တန် (၂၄၀၀) ထုတ်လုပ်နိုင်သည့် ပျော့ဖတ်စက်ရုံနှင့် တန် (၂၀) ထုပ်ပိုး စက္ကူစက်ရုံတို့တွင် ရေကြီးရေလျှံမှုကြောင့် ရေများဝင်ရောက်နိုင်မှု ရှိ/ မရှိ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ်များကြောင့် စက်ရုံရှိ စက်ပစ္စည်းများ၊ အဆောက်အဦများပျက်စီးမှု မရှိစေရေးအတွက် ဝန်ထမ်းများ အားလုံးမှ ဝိုင်းဝန်းပူးပေါင်း ကြိုတင်စီမံဆောင်ရွက်ထားကြရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံထားရှိရန် လမ်းညွှန်မှာကြားသည်။
စက္ကူစက်ရုံ (ရေနီ) ရှိ အထည်ချုပ်စက်ရုံများသည် ဝန်ထမ်းအင်အား (၄၇၅၀) ဦးခန့်ဖြင့် ဂျာကင်အမျိုးမျိုး၊ ဘောင်းဘီရှည်အမျိုးမျိုးတို့ကို စဉ်ဆက်မပြတ်ချုပ်လုပ်၍ ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


