နေပြည်တော် စက်တင်ဘာ ၁၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်း ဓာတ်အားလိုင်းများ၊ တာဝါတိုင်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့် လက်ရှိပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဓာတ်အားလိုင်း တိုင်များစိုက်ထူနေမှု၊ တာဝါသံဘောင်ပျက် ပြုပြင်တပ်ဆင်နေမှုနှင့် တာဝါတိုင်များ ပြန်လည်စိုက်ထူနိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားပြတ်တောက်လျက်ရှိသည့် ဓာတ်အားလိုင်းတစ်လျှောက် ပျက်စီးမှုများကို အသေးစိတ်လိုက်လံစစ်ဆေး၍ ဓာတ်အားအမြန်ပြန်လည်ရရှိရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် ပြုပြင်ရေးလုပ်ငန်းများ လျင်မြန်စွာဖြင့် ဆောလျင်စွာ ပြီးစီးနိုင်ရေး လူအင်အား၊ ယာဉ်ယန္တရားအင်အားများနှင့် ဓာတ်အားလိုင်းသုံး ဆက်စပ်ပစ္စည်းများကိုစုဖွဲ့၍ အင်ပြည့်အားပြည့် အသုံးပြုပြီးကြိုးပမ်း ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပြတ်တောက်လျက်ရှိသည့် ဧရိယာများကို ဓာတ်အားအမြန်ပြန်လည်ရရှိရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အင်ဂျင်နီယာများဉီးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၄၅၀ ဦးဖြင့် ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို လျင်မြန်စွာပြီးစီးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်