နေပြည်တော်၊ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ “ချောင်ချောင်”ရွှေဆိုင်နေအိမ်အား ဓားပြတိုက် လုယက်မှု ကျူးလွန်ခဲ့သူ အမျိုးသား ၆ ဦးကို သက်သေခံပစ္စည်း ရွှေ ၁၀ ပိဿာကျော်၊ ငွေကျပ် သိန်း ၁,၀၀၀ ခန့်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၁၀ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၇၁ လမ်းနှင့် ၁၀၁ (B) လမ်းထောင့်နေ “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးရွှေဝင်း (၅၇) နှစ် (ဘ) ဦးဝမ်ချောင်သည် ၎င်းဖွင့်လှစ်ထားသည့် မန္တလေးမြို့အတွင်းရှိ “ချောင်ချောင်” ရွှေဆိုင်သုံးဆိုင်သို့ သွားရောက်ရန် ရွှေထည်ပစ္စည်းများနှင့် ငွေသားများကို ကားပေါ်သို့ တင်နေစဉ် 3J/8313 ADVAN အမျိုးအစားမော်တော်ယာဉ်ဖြင့် အမျိုးသား ၇ ဦး (စိစစ်ဆဲ) က သေနတ်များ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့ကို ဓားပြတိုက် လုယက်ယူဆောင် ထွက်ပြေးသွားကြောင်းသတင်းအရ တရားခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁) နယ်မြေရဲစခန်း (ပ)၂၂၀/ ၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် အခင်းဖြစ်ရပ် မှတ်တမ်းအထောက်အထားများ ရယူ၍ နယ်မြေအတွင်း သတင်းရယူ စုံစမ်းဖော်ထုတ်ခဲ့ရာ စက်တင်ဘာ ၁၄ ရက် ည ၉ နာရီခွဲတွင် ဓားပြတိုက် လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုး (၄၀) နှစ် (ဘ) ဦးကျော်သောင်း ကို  ချမ်းအေးသာစံမြို့နယ်၊ ရွှေပြည်သာဟော်တယ်ရှေ့၊ လမ်း(၃၀) မြို့ပတ်လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ပြီး ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် ၎င်းအပါအဝင် နိုင်မင်းဝေ (ခ) ကုလား (ခ) ကျော်ကြီး၊ ကျော်စိုးမင်းထွန်း (ခ) ညီညီစိုး၊ ဇင်ကိုကိုကျော် (ခ) ကရင်ကြီး၊ အောင်ဇော်ထွန်း (ခ) အငယ်ကောင်၊ လှိုင်းထက်အောင် (ခ) တောဝက် (ခ) ဝက်ကလေးနှင့် ချမ်းသာ (ခ) ရွှန်းထက်မောင်တို့ ၇ ဦးက ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

တရားခံ ခင်မောင်စိုး၏ ထွက်ဆိုချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲတွင် ကသာမြို့နယ်၊ သံပုရာကုန်းကျေးရွာနေ နိုင်မင်းဝေ (ခ) ကုလား (ခ) ကျော်ကြီး (၂၇) နှစ် (ဘ) ဦးစိုးဝင်း၊ ပန်းတောင်းမြို့နယ်၊ ကျားအိုကျေးရွာနေ ကျော်စိုးမင်းထွန်း (ခ) ညီညီစိုး (၄၆) နှစ် (ဘ) ဦးလှထွန်းနှင့် မိတ္ထီလာမြို့နယ်၊ ကျောက်ဖြူကုန်းကျေးရွာနေ ဇင်ကိုကိုကျော် (ခ) ကရင်ကြီး (၂၉) နှစ် (ဘ) ဦးကျော်ဝင်းတို့ ၃ ဦးကို ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်ရှိ GTM ဟိုတယ်၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့် ဓားပြတိုက်လုယက် ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းအချို့အား ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ တရားခံအောင်ဇော်ထွန်း (ခ) အငယ်ကောင်၏ နေအိမ်၌ သိမ်းဆည်းထားကြောင်း ၊ စက်တင်ဘာ ၁၄ ရက်  ည ၁၂ နာရီခွဲတွင် သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံ အောင်ဇော်ထွန်း (ခ) အငယ်ကောင် (၂၁) နှစ် (ဘ) ဦးထွန်းလင်း ကို မီးခံသေတ္တာအတွင်း ထည့်ထားသည့် သက်သေခံရွှေထည်ပစ္စည်းများနှင့် နေအိမ်ခြံဝင်းအတွင်းမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

 

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာ ၁၅ ရက် နံနက် ၂ နာရီတွင် တရားခံ ခင်မောင်စိုး၏နေအိမ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Glock အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ Kimber Custom အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၁၄ တောင့် နှင့် သက်သေခံ ရွှေထည်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ မဲကင်း ကုန်းကျေးရွာနေ တရားခံ လှိုင်းထက်အောင် (ခ) တောဝက် (ခ) ဝက်ကလေး (၂၅) နှစ် (ဘ) ဦး ကျော်သက်အောင် ကို ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်တိုးဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ ခင်မောင်စိုးပါ တရားခံ ၆ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများနှင့် ပူးပေါင်းကာ သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့််အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ ချမ်းသာ (ခ) ရွှန်းထက်မောင် (၂၆) နှစ် (ဘ) ဦးခင်မောင်အား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်