နေပြည်တော် စက်တင်ဘာ ၁၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ရှမ်းပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ကို ပေးအပ်ထားသည့်တာဝန်များကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် တိကျစွာဖြင့် အလေးထားဆောင်ရွက်ကြရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်၊ လမ်းများ လမ်းအင်္ဂါရပ်များဖြင့်ညီစေရန်နှင့် လမ်းညွှန်အမှတ်အသားများကို စနစ်တကျဆောင်ရွက်ရန်နှင့် လမ်းဘေးဝဲ၊ယာ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် အင်ဂျင်နီယာချုပ် ဦးကျော်မျိုးထွဋ်တို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ဝန်ထမ်းများအတွက် ငွေကြေးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


