နေပြည်တော် စက်တင်ဘာ ၁၉

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်တွင် ယာယီရေဘေးရှောင် ရွာသူ၊ ရွာသားများ ယမန်နေ့က အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး သတင်းရလျှင်ရခြင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေး လက်ကျန်းမာရေးဌာန အပိုင်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူ ရတနာစာသင်တိုက်တွင် ယာယီရေဘေးရှောင် ရွာသူ၊ ရွာသားများ ယမန်နေ့ နံနက်ပိုင်းက အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဇံကြော်၊ အချဉ်နှင့် ထမင်း၊ ကြက်ဥ မကျည်းမှည့်ချက်များကို စားသုံးပြီး ည ၈ နာရီတွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် အစာအဆိပ်သင့် ရောဂါလက္ခဏာများဖြစ်ပွား၍ တောင်ငူမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပြင်ပလူနာအဖြစ် (၆၈)ဦး၊ အတွင်းလူနာအဖြစ် (၆၅)ဦး လာရောက်ကုသမှု ခံယူခဲ့ရာ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြည့်ရှုကုသမှုပေးခဲ့သည့်အတွက် လူနာများ အခြေအနေသည် သက်သာကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ် သတင်းရရှိသည်နှင့် ယမန်နေ့ ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်သို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်သော ကွင်းဆင်းအဖွဲ့နှင့် ညောင်းလေးပင်မြို့နယ် ဆရာဝန်ဦးဆောင်သော ဆေးအဖွဲ့တို့က ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ခဲ့ကြသည်။

 

ဆေးရုံတက်လူနာများအနက် အတွင်းလူနာ (၄၁)ဦးသည် ရောဂါသက်သာကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်သည်။

 

အလှူရှင်များအနေဖြင့် သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် ပူပူနွေးနွေး ပြင်ဆင်ထားသည့် သန့်ရှင်းသော အစားသောက်များကို မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှ တစ်ဆင့်ပေးပို့လှူဒါန်းကြရန်၊ ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

 

သတင်းစဉ်