၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်

 

(က) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (SOULIK)” သည် အနောက်- အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ (Danang) ၏ အနောက် မြောက်ဘက် ရေမိုင် ၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)”သည် ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းခြေ ကို ဖြတ်ကျော်နိုင်ကာ၊ ၂၀-၉-၂၀၂၄ ရက်နေ့တွင် အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (SOULIK)”၏ အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော်ပြီးနောက်၊ အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုးအားကောင်းလာနိုင်ပါသည်။

 

(ခ) အဆိုပါ ဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏အရှိန်ကြောင့် ၂၀-၉-၂၀၂၄ ရက်နေ့မှ ၂၅-၉-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

 

အကြုံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

 

Crd> မိုး/ဇလ