နေပြည်တော် စက်တင်ဘာ ၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် အာဆီယံ - မဲခေါင်မြစ်ကော်မရှင် ရေဖူလုံရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ရောက်ရှိရာ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်သည်။
စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းတွင် ဒုတိယအကြိမ် အာဆီယံ - မဲခေါင်မြစ်ကော်မရှင် ရေဖူလုံရေးဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ဗီယန်ကျင်းမြို့ ဆုပ်ဖက်ထရာဟိုတယ်၌ ကျင်းပပြုပြီး လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Saleumaxy Kommasith က အဖွင့်အမှာစကားပြောကြား၍ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး H.E. Dr. Mrs. Bounkham Vorachit က ဂုဏ်ပြုအမှာစကားပြောကြားကာ မဲခေါင်မြစ်ကော်မရှင် အမှုဆောင်အရာရှိချုပ် Dr. Anoulak Kittikhoun က ရေလုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ရင်းနှီးမြုပ်နှံမှုအရှိုန်မြှင့်တင်နိုင်ရေးဆိုင်ရာ နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များက သက်ဆိုင်ရာနိုင်ငံအလိုက် အမှာစကား ပြောကြားကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မဲခေါင်မြစ်သည် မဲခေါင်မြစ်ကော်မရှင်အဖွဲ့ဝင် နိုင်ငံများအတွက်သာမက အာဆီယံဒေသတွင်း နိုင်ငံများအတွက် အလွန်အရေးကြီးကြောင်း၊ မဲခေါင်မြစ်သည် ရေချိုအရင်းအမြစ်သာမက ငါးသယံဇာတများအပါအဝင် စားရေရိက္ခာဖူလုံရေး၊ ရေအားလျှပ်စစ်ထုတ်ယူသုံးစွဲနိုင်ရေး၊ ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အလွန်အရေးပါလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အာရှဒေသရှိ ရေအရင်းအမြစ်တစ်ခုလုံး၏ ၁၂ ရာခိုင်နှုန်းနှင့် အာဆီယံနိုင်ငံများအားလုံးရှိ ရေအရင်းအမြစ်များ၏ ၁၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့်အတွက် ရေအရင်းအမြစ် ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ရေနှင့်ဆက်နွယ်သည့် ပြဿနာများသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကျရောက်လျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးနှင့် ရေလုံခြုံရေးအတွက် တီထွင်ဖန်တီးမှုရှိသော မူဝါဒများချမှတ်ခြင်း၊ ရေစီမံခန့်ခွဲမှုပိုမို ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ သဘာဝကိုအခြေခံသော နည်းလမ်းများနှင့် ဆန်းသစ်သောနည်းပညာများဖော်ဆောင်၍ စနစ်တကျအသုံးချခြင်း၊ ရေစီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍများတွင် ပိုမိုရင်းနှီးမြုပ်နှံခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွင့်ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက မဲခေါင်ဒေသနှင့်အာဆီယံဒေသအတွင်း ရေဖူလုံရေး၊ ပတ်ဝန်းကျင် သက်ရောက်မှုများအပေါ် ကြံ့ကြံခိုင်နိုင်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ထိရောက်ပြီး ဆန်းသစ်တီထွင်မှုရှိသောမူဝါဒများ ဖော်ဆောင်နိုင်ရေးဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ချမှတ်ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ရေသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ၊ မဲခေါင်မြစ်ဝှမ်းကော်မရှင်ဥက္ကဌ၊ မဲခေါင်မြစ်ကောင်မရှင် အမှုဆောင်အရာရှိချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်၊ ကနေဒါ၊ ဩစတေးလျ၊ ဆွစ်ဇာလန်၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံများတို့မှ ရေစီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ၊ နိုင်ငံအဆင့် မဲခေါင်ကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် Dr. Surasri Kidtimonton နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် တောမီးလောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် အခြားမီးတို့မှ ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် သက်ဆိုင်ရာဌာနများ ပါဝင်သည့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး စီမံချက်များရေးဆွဲဆောင်ရွက်နေမှု၊ မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်တစ်လျောက် မြို့၊ ရွာများရှိ ဒေသခံပြည်သူများနှင့် ဆက်စပ်ပတ်သက်သည့်လုပ်ငန်းဌာနများအား အသိပညာပေးရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထိုင်း - မြန်မာ နယ်စပ်ရှိ မြို့၊ ရွာများတွင် ရေကြီးရေလျှံမှုများ တားဆီးကာကွယ်နိုင်ရေးအတွက် ကြိုတင်သတိပေး စနစ်တပ်ဆင်ခြင်း၊ ရေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့် ရေဝေရေလဲသစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး H.E. Dr. Mrs. Bounkham Vorachit နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘရူနိုင်းဒါရုစလင်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Dato Seri Setia Awang Haji Muhammad Juanda bin Haji Abdul Rashid နှင့် တွေ့ဆုံပြီး ဘရူနိုင်းဒါရုစလင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံတည်ထောင်မည့် အာဆီယံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာန (ASEAN Climate Change Center-ACCC) တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


