နေပြည်တော် စက်တင်ဘာ ၁၉

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၂ / ၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်ကြသည်။     
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က လူမှုဖူလုံရေးစီမံကိန်းအပေါ် အလုပ်ရှင်၊ အလုပ်သမားများ အားကိုးယုံကြည်မှု ပိုမိုရရှိစေရန်နှင့် ပိုမိုကောင်းမွန်သည့် လူမှုရေးရလဒ်များ ပေါ်ထွန်းစေရန်မျှော်မှန်းကာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်သည့် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်းပြီး သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ အာမခံအလုပ်သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူ လက်လှမ်းမီရယူနိုင်ရန်နှင့် လူမှုဖူလုံရေးအကျိုး ခံစားခွင့်များကို ဥပဒေနှင့်အညီ အမြန်ဆုံးပေးအပ်နိုင်ရန်တို့အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အာမခံအလုပ်သမားများအား ပိုမိုထိရောက်ကောင်းမွန်ပြီး အလွယ်တကူ လက်လှမ်းမီသည့် ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိကဆေးခန်း၊ ဆေးရုံများနှင့် စာချုပ်ချုပ်ဆို၍ Capitation Payment ဖြင့် ဆေးခန်း (၁၀) ခန်း၊ Fee for Service Payment စနစ်တို့ဖြင့် ဆေးခန်း (၆၂) ခန်းဖွင့်လှစ်ဆောင် ရွက်ပေးလျက်ရှိရာ အာမခံအလုပ်သမားလူနာများကို ကောင်းမွန်သည့် ကျန်းမာရေးစောင့် ရှောက်မှု များပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုအတွက် စာချုပ်ဆေးခန်း (၁၆) ခန်းတိုးချဲ့ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပြီး မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့်များကို ပြန်လည်ပေးအမ်းလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လအထိ အာမခံအမျိုးသမီး အလုပ်သမား (၆,၁၅၅) ဦးအတွက် ငွေကျပ်သန်း (၃၃၂၈.၇၉၉) ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီး မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ဥပဒေအရတင်ပြလာသည့် အကျိုးခံစားခွင့် အမှုတွဲများကို အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီမှ ဩဂုတ်အထိ ငွေကျပ်သန်းပေါင်း (၇,၂၁၀ ဒသမ ၈၇၂) ကိုလည်း ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
အာမခံအလုပ်သမားများအတွက် ကျောက်ကပ်သန့်စင်ခြင်း ဆေးဖိုးပြန်အမ်းငွေအား ခေတ်ကာလနှင့် အညီတိုးမြှင့်သတ်မှတ်ပေးနိုင်ရေး၊ အူအတက်ခွဲစိတ်ခြင်းအတွက် ဆေးဖိုးကုန်ကျစရိတ်များကို ခွင့်ပြုပေးနိုင်‌ရေးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြန်လည်ပေးအမ်းရာတွင် တိုးမြှင့်သတ်မှတ်ပေးနိုင်ရေး ယခုအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်နိုင်ရေးအတွက် ပူးပေါင်း၍ ဆောင်ရွက်ပေးစေလိုကြောင်း၊
မြန်မာရွှေ့ပြောင်းအလုပ်သမားများပတ်သက်၍ မလေးရှားနိုင်ငံ၌ အလုပ်တွင် ထိခိုက်သေဆုံးသွားသူ မြန်မာအလုပ်သမား (၂၉) ဦးနှင့် အမြဲတမ်းမသန်စွမ်းဖြစ်သည့် မြန်မာအလုပ်သမားနှစ်ဦးတို့အတွက် မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) မှ ကာလအပိုင်း အခြားအလိုက်ပေးအပ်သည့် အကျိုးခံစားခွင့် ငွေကျပ်သန်း ၇၃၀ ဒသမ ၉၉၄၊ မလေးရှားရင်းဂစ် ၃၃,၆၁၆ ဒသမ ၀၅ ကို မှီခိုသူမိသားစုနှင့် အလုပ်သမားများ၏ ဘဏ်စာရင်းမှတစ်ဆင့် ခံစားရရှိခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံး သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (Social Security Organization) နှင့်လည်း အာမခံထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ မြန်မာနိုင်ငံသို့ လွှဲပို့နိုင်ရေး လူမှုဖူလုံရေး ဆိုင်ရာသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း။
လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ယနေ့အစည်းအဝေး၌ ဆွေးနွေးတင်ပြချက်များအပေါ် တက်ရောက်လာကြသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များက ကောင်းမွန်မှန်ကန်သည့်အကြံပြုချက်များ ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင် (၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှုနှင့် ယခု (၂/၂၀၂၄) အစည်းအဝေးတွင် ဆွေးနွေးမည့် လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ရန်အမှာစာများကို ရှင်းလင်းတင်ပြပြီး အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမား များအတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်စေရန်နှင့် လက်ရှိ အကျုံးဝင်လွှမ်းခြုံမှုမှသည် တစ်မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံနိုင်သည့် စီမံကိန်းဖြစ်စေရန်အတွက် အခြားအိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်မှုများ ပြုလုပ်ပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်