နေပြည်တော်၊ စက်တင်ဘာ ၁၉
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စက်မှုနယ်မြေရှိ မီးခံအုတ်စက်ရုံ၊ စက်ဘီးစက်ရုံ၊ အပ်ချုပ်စက်စက်ရုံ၊ ဖိနပ်စက်ရုံ၊ အမှတ် (၉) အထည်စက်ရုံတို့တွင် ဂျာကင်နှင့် မိုးကာများ၊ ဖိနပ်များ၊ ဘောင်းဘီရှည်များ ထုတ်လုပ်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်း၌ လိုအပ်သော ထုတ်ကုန်ပစ္စည်းများ၊ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးအတွက် အထည်ချုပ်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်၊ ဖိနပ်ချုပ်လုပ်သည့် လုပ်ငန်းများကိုလည်း အရည်အသွေးကောင်းမွန်စွာဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ရေကြီးရေလျှံမှုကြောင့် နေအိမ်များမျောပါပျက်စီးခြင်း၊ နေအိမ်များအတွင်း ရေများဝင်ရောက်ခြင်းတို့ကြောင့် ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ရသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနမှ ကျောက်ဆည်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနက် ရေလွှမ်းမိုးမှု သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးအဆင့် ဝန်ထမ်းမိသားစု (၁၇) စု၊ ပျက်စီးဆုံးရှုံးမှု အလယ်အလတ်အဆင့် ဝန်ထမ်းမိသားစု (၄၂) စု၊ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးအဆင့် ဝန်ထမ်းမိသားစု (၁၅၆) စု၊ စုစုပေါင်း ဝန်ထမ်းမိသားစု (၂၁၅) စု ရှိကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အဆိုပါဝန်ထမ်းမိသားစုများ၏ လိုအင်ဆန္ဒအတိုင်း ဖြည့်ဆည်းပေးနိုင်မှု မရှိသော်လည်း လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် ရေကြောင့်ဖြစ်တတ်သည့် အူရောင်ငန်းဖျားရောဂါ၊ အဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါစသည့် ရောဂါများ မဖြစ်ပွားအောင် အထူးသတိပြု နေထိုင်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များအား “အန္တရာယ်ဖြစ်ပွားမှုလျော့ပါးရေးနှင့် ကြိုတင်ကာကွယ်ခြင်း၊ “ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ “အရေးပေါ်တုံ့ပြန်ခြင်း” နှင့် “ပြန်လည်ထူထောင်ခြင်း” စသည့် အဆင့် (၄) ဆင့်ဖြင့် စီမံခန့်ခွဲကြကြောင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် “အန္တရာယ်ဖြစ်ပွားမှုလျော့ပါးရေးနှင့် ကြိုတင်ကာကွယ်ခြင်းအဆင့်” သည် အကောင်းဆုံးနှင့်အထိရောက် ဆုံးနည်းလမ်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်ရုံမှူးများက ရေကြီးရေလျှံမှုကြောင့် ဝန်ထမ်းများ၏နေအိမ်များ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိိသူများက ရေကြီးရေလျှံမှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် အမှတ် (၇) အထည်စက်ရုံ (မြစ်သား)၊ အမှတ် (၉) အထည်စက်ရုံ (ကျောက်ဆည်)၊ အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု)၊ ဆေးဝါးစက်ရုံ (အင်ရောင်း) တို့မှ ဝန်ထမ်းအိမ်ထောင်စု (၂၅၁) စု တို့ကို ငွေကျပ် (၄၅၅) သိန်း၊ ဖိနပ် (၂၅၀) ရံနှင့် ဓာတ်ဆားထုတ်များထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) သို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် ဆေးရုံသုံးပရိဘောဂများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးဝန်ကြီးဌာနမှ အမှာစာဖြင့် မှာယူထားသည့်ပစ္စည်းများကို အချိန်မီထုတ်လုပ်ပေးပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စက်ရုံမှထုတ်လုပ်သည့် ပစ္စည်းများနှင့်ပတ်သက်၍ အရည်အသွေး တစ်သမတ်တည်း ထိန်းသိမ်းထားနိုင်ရန်အတွက် အရည်အသွေး စစ်ဆေးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် ညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း) သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ယခုရက်ပိုင်းအချိန်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဝန်ထမ်းများ၏ မိသားစုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေကို မေးမြန်းပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


