မင်းဘူး စက်တင်ဘာ ၂၀
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန် ရည်ရွယ်၍ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီက စကုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ တက်ရာက်ကြသည်။
ဦးစွာ စကုမြို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုခ်ဦးကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာ (ထက်၊ လယ်၊ မူ)အဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ၊ စာဖတ်ဝိုင်း၊ ကျောင်းစာကြည့်တိုက်၊ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း သိပ္ပံပြခန်းနှင့် လက်မှုပြခန်း၊ ရှေးခေတ် ပျူအသုံးအဆောင်ပစ္စည်းများပြခန်း၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ အစိုးရစက်မှုလက်မှုသိပ္ပံပြခန်း(မကွေး)နှင့် ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်ဆိုင်များ၊ အခြေခံပညာ အိုးစည်တီးဝိုင်းနှင့် ဂိမ်းကစားပြိုင်ပွဲများ ဖြစ်သည့် စက်ဝိုင်းလှည့်၊ အရုပ်ကွင်းစွပ်၊ ကွန်ပျူတာဉာဏ်စမ်း၊ ဆေးရောင်ချယ်၊ အရုပ်ဆက်၊ စကားပုံဆက်၊ ခါးကွင်းလှည့်၊ ဆန်ကောရွက် စသည့် ဂိမ်းကစားနည်းပြိုင်ပွဲမျိုးစုံ ကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲတော်အတွင်း ပါဝင်ဆင်နွှဲခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရေသန့်၊ မုန့်နှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ စကုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက် စေရမည်” Video Clip ကို ပြသသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပညာသင်ကြားခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်းခြင်းဖြစ်၍ လူငယ်များ အပါအဝင် ပြည်သူများ စာဖတ်ကြစေရန် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များဖန်တီးပေးရန်၊ မှန်ကန်ကောင်းမွန်သည့် အသိပညာများ စုဆောင်းထားရှိခြင်းသည် ဘဝတစ်လျောက်လုံး ဖြတ်သန်းမှုအတွက် အကျိုးရှိစေရမည်ဖြစ်သဖြင့် လူတိုင်းစာဖတ်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ယခုလို စာဖတ်ရှိန်မြင့်တင်ရေး ပွဲတော်များကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ စကုမြို့ပွဲသည် စတုတ္ထအကြိမ်မြောက်ဖြစ်ကာ မကွေးတိုင်းဒေသကြီးအတွင်း၌ ယခုလို စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကို (၁၀)ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များကို စာဖတ်သည့် အလေ့အကျင့်ကောင်းတွေ ဖြစ်လာစေဖို့ ပျိုးထောင်ပေးတဲ့ ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ စကုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” သီချင်း၊ အခြေခံပညာအထက် တန်းကျောင်း(ခွဲ) တောင်ရပ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းသူများက “မြန်မာမလေးပါရှင်” သီချင်းဖြင့်ဖျော်ဖြေ၍ စာရေးဆရာ သန်းထွန်း(စကု)က “ချုံကြားမှ ဘုံဖျားသို့ စာတွေဖတ်ရင်း သွားကြစို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီးနောက် No.1 ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပန်းကလေးများရဲ့ ဥယျာဉ်မှူး” သီချင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ကန်သစ်မှ ကျောင်းသားများက “အိုးစည်တီးဝိုင်း” ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စကုမြို့ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း၍ စာရေးဆရာ သန်းထွန်း(စကု)အား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ သီဆိုဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါပွဲတော်တွင် လာရောက်ပါဝင်ဆင်နွှဲသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


