နေပြည်တော် စက်တင်ဘာ ၂၀
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်း(၁)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်အတွင်း၌ တရားမဝင်ရေနံစိမ်း ဂါလန်(၂၄၀)၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်(၁)စီးနှင့် တရားမဝင် အခြားသစ်(၀ ဒသမ ၅၆၂)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၉၈,၃၃၂)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
စက်တင်ဘာ ၁၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃,၆၂၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higher Bus (၂)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၅၅၂,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မြစ်ငယ်တံတားအနီး၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀,၀၀၁,၈၂၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck (၂)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၆,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၈,၁၇၈,၈၂၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ မြို့အဝင်စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Foton Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက် ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၉ ဒသမ ၁၄၁)တန်၊ သစ်မာ (၀ ဒသမ ၉၅၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၄၆၂,၄၃၆) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဝေါမြို့နယ်၊ အဗျားငှက်ချေး ဝင်းကျေးရွာအနီး၌ လိုင်စင်မဲ့ Toyota Alphard မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၀,၉၆၂,၄၃၆)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အနီးနှင့် မင်္ဂလာမူဆယ်အနီး လမ်းဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း(၃)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၇၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၈,၃၈၉,၅၈၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော် မတီမှ သတင်းရရှိသည်။
(သတင်းစဉ်)


