နေပြည်တော်၊ စက်တင်ဘာ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အာဆီယံ + ၃ အရန်ဆန် သိုလှောင်ရုံအတွင်း အရန်ဆန်များ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် သိုလှောင်ရုံများ ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက APTERR အစီအစဉ်ဖြင့် အရန်ဆန် (၁၀၀၂ ဒသမ ၇၁) တန်ကို ယခုကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးရေး ဆောင်ရွက်လျက်ရှိရာ ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံး တင်ပို့ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ အားတွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီး၏ လယ်ယာကုန်ထုတ်လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာသားငါး ထွက်ကုန်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးအတွင်းရှိ ဆည်၊တာတမံများ ကြံ့ခိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိရေး၊ ဦးစီးဌာနရှိ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


