နေပြည်တော်၊ စက်တင်ဘာ ၂၂

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် ရွာငံမြို့နယ် မြို့ကြီးကျေးရွာ အနီးရှိ မြို့ကြီးရေလှောင်တမံသို့ သွားရောက်ပြီး ရာဂီမုန်တိုင်း အကြွင်းအကျန် လေပွေလှိုင်း အရှိန်ဖြင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်ကျခဲ့မှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးကာ ရေလှောင်တမံ ဘေးကင်းလုံခြုံရေးအတွက် နေ့ညမပြတ် စောင့်ကြည့်စစ်ဆေးကြရန်၊ ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ရန်နှင့် ဇော်ဂျီရေသောက်စနစ်အတွင်းရှိ မိုးစပါး နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်ရေးအတွက် လုံလောက်သည့် ရေပမာဏ သိုလှောင်ထားရှိရေး စီမံဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြို့ကြီးရေလွှဲဆည်၏ အောက်ပိုင်း တူးမြောင်းပေါင် ကာကွယ်ထားသည့် ကျောက်ကြီးစီလိုင်နင် ရေတိုက်စားခဲ့မှု အခြေအနေကိုလည်းကောင်း၊ တူးမြောင်းအတွင်း ရေကျော်ကျစီးဆင်းမှု မဖြစ်ပေါ်စေရေးအတွက် ရေလွှဲဆည်၏ လိုအပ်သည့် ရေကာနံရံအမြင့် ဆောင်ရွက်နိုင်ရေးနှင့် ရေတံခါး၊ ရေလွှဲဆည် ကြံ့ခိုင်မှု အခြေအနေများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင်း ဇော်ဂျီမြစ်ပေါ်တွင် တည်ရှိသည့် မင်းရဲရေလွှဲဆည် ကြံ့ခိုင်မှုနှင့် ရေဖြတ်သန်း စီးဆင်းနေမှု အခြေအနေများကိုလည်းကောင်း၊ ဇီးတောရေလွှဲဆည်၏ ရေတံခါးကြံ့ခိုင်မှု အခြေအနေများနှင့် ဇော်ဂျီရေထိန်းဆည် ရေဝင်ရောက်မှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၏   လုပ်ငန်းဆိုင်ရာ ရှင်လင်းတင်ပြချက်များအပေါ် လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှ်င့တွေ့ဆုံ၍ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် ရာသီအချိန်မီစိုက်ပျိုးနိုင်ရေး၊ ရေကြီးရေလွှမ်းပြီးနောက်ပိုင်း သီးနှံစိုက်ခင်းများတွင် ကျရောက်တတ်သည့် သီးနှံပိုးမွှား ရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် နည်းပညာနှင့် အကူအညီများပံ့ပိုးပေးရန်၊ ရေကျော်ကျမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည် တူးမြောင်းရေသောက်စနစ်များ အချိန်မီပြုပြင် ဆောင်ရွက်နိုင်ရေး၊ ပျက်စီးမှုမရှိသည့် မိုးစပါးစိုက်ပျိုးဧကများ စိုက်ပျိုးရေ ပေးဝေနိုင်ရေးနှင့် နွေစပါးစိုက်ဧကတိုးချဲ့နိုင်ရေးအတွက် ရေပိုမိုသိုလှောင်ထားရှိရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်သားမြို့အနီး ပန်းလောင် မြစ်ပေါ်တွင် တည်ရှိသည့် စမာရေလွှဲဆည်အနီး ရေတိုက်စားမှုကြောင့် မြေသားဖြင့် ကာကွယ်ထားသည့် ရေတားတာပေါင် ပြုပြင်ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်