ရန်ကုန်၊ စက်တင်ဘာ ၂
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲ ကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးသည် သက်ဆိုင်ရာသံရုံးများ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မရွှေစာနိုးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဒူဘိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအကျိုးစီးပွား မြှင့်တင်ရေး ဝန်ကြီးဌာနတို့နှင့်ချိတ်ဆက်၍ ကျန်ရှိသော လုပ်ခလစာရရှိရေး၊ နိုင်ငံကူးလက်မှတ် ပြန်လည်ရရှိရေးတို့ကို ညှိနှိုင်းဆောင်ရွက်ပေးသည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း ရုံးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်မှုဖြင့် ပြန်လည်ထွက်ခွာခွင့် လက်မှတ်ရရှိခဲ့ပြီး မြန်မာနိုင်ငံသူ မရွှေစာနိုးသည် စက်တင်ဘာ ၂၂ ရက်တွင် ဒူဘိုင်း-ရန်ကုန် ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ည ၁၀ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခ ကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)


