နေပြည်တော်၊ စက်တင်ဘာ ၂၃

 

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် တစ်ဆက်တစ်စပ်တည်းကျင်းပသော အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား ပြုလုပ်သည့် စီးပွားရေး ဝန်ကြီးများအစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

 

စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အကြိမ် (၂၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး အာဆီယံ-အီးယူ စီးပွားရေးကောင်စီက တင်ပြသည့်ဆောင်ရွက်မှုများနှင့် အကြံပြုချက်များ၊ အာဆီယံနှင့် အီးယူတို့အကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအစီအစဉ် (၂၀၂၄-၂၀၂၅) အကောင်အထည်ဖော်မှုများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

 

ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ (၁၃) ကြိမ်မြောက် အာဆီယံ - ရုရှား စီးပွားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး အာဆီယံ-ရုရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကို အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ ၏ ဆောင်ရွက်မှုများနှင့် အာဆီယံနှင့် ယူရေးရှား စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တတိယအကြိမ်မြောက် အာဆီယံ - ဆွစ်ဇာလန် စီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်၍ အာဆီယံ-ဥရောပ လွတ်လပ်သောကုန်သွယ်မှုအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ပြီး အာဆီယံ-ဆွစ်ဇာလန်ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး ၂၀၂၂-၂၀၂၆ အစီအစဉ် အကောင်အထည်ဖော်မှုများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၄) ကြိမ်မြောက် အာဆီယံ-ယူကေ စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ အာဆီယံနှင့် ဗြိတိန်နိုင်ငံတို့အကြား ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မှတ်တမ်းတင်ခဲ့ပြီး အာဆီယံ-ဗြိတိန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ အကောင်အထည်ဖော်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

စက်တင်ဘာလ ၂၀ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၈) ကြိမ်မြောက် အာဆီယံ-ဟောင်ကောင် (တရုတ်) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ အခြားစီးပွားရေး ဝန်ကြီးများနှင့်အတူ အာဆီယံ - ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်၏ လုပ်ငန်းအစီအစဉ်နှင့် အာဆီယံ - ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအရ ပံ့ပိုးပေးလျက်ရှိသည့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ အာဆီယံနှင့် အမေရိကန် စီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်၍ အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်အစီအစဉ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့အစီအစဉ် ၂၀၂၃-၂၀၂၄ ၏ အကောင်အထည်ဖော်မှုများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်အစီအစဉ် နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့အစီအစဉ် ၂၀၂၄ -၂၀၂၅ ကိုအတည်ပြုခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ (၁၃) ကြိမ်မြောက် အာဆီယံ - ကနေဒါ စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ ကနေဒါ - အာဆီယံ စီးပွားရေးကောင်စီက တင်ပြသည့် အာဆီယံနှင့်ကနေဒါအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရန် အာဆီယံနိုင်ငံများသို့ စီးပွားရေးအဖွဲ့များ သွားရောက်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-ကနေဒါ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်သည့် လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် ညှိနှိုင်းမှုများအတွက် နည်းပညာပံ့ပိုးမှုအစီအစဉ်များနှင့် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းမှုအခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၂၁) ကြိမ်မြောက် အာဆီယံ-အိန္ဒိယစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံ - အိန္ဒိယ စီးပွားရေးကောင်စီက တင်ပြမည့် ကိစ္စရပ်များနှင့် အကြံပြုချက်များ၊ အာဆီယံ - အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် ပြန်လည်သုံးသပ်မည့် အစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

 

 

စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၂၉) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အာဆီယံ-သြစတြေးလျ စီးပွားရေးကောင်စီနှင့် အာဆီယံ - နယူးဇီလန် စီးပွားရေးကောင်စီတို့၏ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးအမြင်များကို မှတ်တမ်းတင်ခဲ့သည်။

 

ထို့ပြင် ဝန်ကြီးများက အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ် အသက်ဝင်ရေးဆောင်ရွက်မှုများ၊ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်ခြင်းဆိုင်ရာ အထောက်အကူပြုအစီအစဉ် အကောင်အထည်ဖော်မှုနှင့် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်ပေါင်းစည်းရေးဖိုရမ် ၂၀၂၄ ၏ ရလဒ်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ အကြိမ် (၃၀) မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ အာဆီယံ-ဂျပန် ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အကောင်အထည်ဖော်မှုများ၊ အာဆီယံ-ဂျပန် တီထွင်ဆန်းသစ်မှုနှင့် ရေရှည်တည်တံ့သော စီးပွားရေးမိတ်ဖက် ထူထောင်ရေးဆိုင်ရာ အနာဂတ်လုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၃၃ အကောင်အထည်ဖော်မှုများနှင့် ဂျပန်နိုင်ငံ၏ အာဆီယံဆိုင်ရာ စီးပွားရေးနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တင်ပြသည့် အကြံပြုချက်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၁၂) ကြိမ်မြောက် အရှေ့အာရှ စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုများ၏ အကျိုးသက်ရောက်မှုများကို လျော့ပါးစေရန် အရှေ့အာရှအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

 

စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ (၂၃) ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (၃.၀) အဆင့် မြှင့်တင်ခြင်းညှိနှိုင်းမှု၊ အာဆီယံ-တရုတ် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်နှင့် အာဆီယံ-တရုတ် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကနဦးအကောင်အထည်ဖော်မှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ (၂၁) ကြိမ်မြောက် အာဆီယံ-ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအရ အဆင့်မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် အာဆီယံ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ (၂၇) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး (တရုတ်၊ ဂျပန်၊ ကိုရီးယား) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ အရှေ့အာရှစီးပွားရေးကောင်စီမှ တင်ပြသည့်ကိစ္စရပ်များနှင့် အကြံပြုချက်များ၊ အာဆီယံအပေါင်းသုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄ အကောင်အထည်ဖော်မှုနှင့် အာဆီယံအပေါင်းသုံးနိုင်ငံများရှိ စက်မှုနှင့်ထုတ်လုပ်မှု ကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုများကို မှတ်တမ်းတင်ခဲ့ပြီး၊ အာဆီယံအပေါင်းသုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် ၂၀၂၅-၂၀၂၆ အတည်ပြုခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တတိယအကြိမ်ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများကို ဖလှယ်ဆွေးနွေးခဲ့ပြီး ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အထောက်အကူပြုယူနစ်ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ဖွဲ့စည်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

အဆိုပါအစည်းအဝေးများတွင် လာအိုနိုင်ငံစက်မှုနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Malaithong Kommasith က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင် (တရုတ်)၊ ကနေဒါ၊ ရုရှား၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်တို့မှ စီးပွားရေးဝန်ကြီးများ၊ အီးယူကုန်သွယ်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ စီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအောင်ကို၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၉ ရက်တွင် ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Vladimir Ilichev နှင့်လည်းကောင်း၊ စက်တင်ဘာ ၂၁ ရက်တွင် အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Piyush Goyal နှင့်လည်းကောင်း တွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

 

သတင်းစဉ်