နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ကွပ်ကဲမှုအောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်း လုပ်ငန်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီကွပ်ကဲမှုအောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းလုပ်ငန်းများစိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးကဲများ၊ ဖိတ်ကြားထားရှိသည့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများက Online System ဖြင့် တက်ရောက် ကြသည်။

 

ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းများကို စနစ်တကျ စိစစ်၍ အမှန်တကယ် လိုအပ်ချက်ရှိသည့် ဒေသများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် စီမံဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆပ်ကော်မတီအနေဖြင့် စီမံကိန်းများ လျာထားဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ရန်ပုံငွေခွင့်ပြုမှုအပေါ် အခြေခံပြီး ဦးစားပေးအလိုက် လျာထားဆောင်ရွက်သွားကြရန်၊ ယခင်လုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ဆုံးဖြတ်ချက်များကို အထူးအလေးထားဆောင်ရွက်သွားကြရန်၊ နာဂဒေသ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုတားဆီးနိုင်ရေး ကုန်းမြင့်လယ်ယာဖော်ထုတ်မှု နှစ်စဉ်လျာထား ဆောင်ရွက်ရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုနိုင်ရေး ကြက်၊ ဝက် ထောက်ပံ့ရာတွင် ဒေသဝက်မျိုးအစား မျိုးမြင့်ဝက်အမျိုးအစားများ ပြောင်းလဲထောက်ပံ့နိုင်ရေး သုံးသပ်ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်သော ငွေကြေးသုံးစွဲမှုဖြစ်စေရေးနှင့် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို ကြပ်မတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ လုပ်ငန်းဆပ်ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြည်နယ်/ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားဆောင်ရွက်ထားရှိမှု အခြေအနေများအား ဦးစားပေးအလိုက် အသေးစိတ်ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးတင်ပြခဲ့မှုအပေါ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်း အဝေးရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်