အေးမြင့်ဆွေ (ဆည်/ရေ)

 

မြစ်ချောင်းဖျား တောင်တန်းများဆီတွင် မိုးတိမ်များမှောင်မည်း ညို့မှိုင်းလာပါက သိပ်မကြာမီတွင် မြစ်ရေချောင်း ရေများ တရိပ်ရိပ်တက်လာတော့မည့် လက္ခဏာဖြစ်သည်ဟု  အဆိုရှိပါသည်။

 

ယခုအခါတွင် အယ်လ်နီညိုနှင့် လာနီညာကဲ့သို့သော အစွန်းရောက် ရာသီဥတုပြောင်းလဲမှုများကြောင့် စံချိန်တင် မိုးများရွာသွန်းခြင်း၊ အချိန်အခါ မဟုတ် မိုးများရွာသွန်းခြင်းကဲ့သို့ ခန့်မှန်း ရခက်သည့် မိုးလေဝသအခြေအနေများ တွေ့ကြုံလာရသည်။ တောင်ဖျားဆီတွင် လိုအပ်သည်ထက်ပိုသော မိုးညို့ညို့များ တစ်နှစ်ပြီးတစ်နှစ် တွေ့ကြုံလာနေကြ ရပါသည်။

 

ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာသည့်အခါ ရေလှောင်တမံများရှိ ရေပိုလွှဲများမှ ရေများဖောက်ချ၍ ရေကြီးရသည်ဟု အချို့ကနားလည်မှုလွဲတတ်ကြပါသည်။  ရေလှောင်တမံများ၏ ရေပိုလွှဲမှ ရေများကျော်ကျနေခြင်းသည် ရေကြီးမှုအတွက် စိုးရိမ်စရာဖြစ်သည်ဟုလည်း တွေးထင်မိတတ်ကြပါသည်။ မိမိကိုယ်တိုင်လည်း  ရေလှောင်တမံ ရေပိုလွှဲများအကြောင်း သေချာစွာ မသိရှိရသေးခင်က ထိုသို့တွေးထင်ခဲ့ဖူးသည်ဖြစ်ရာ ဤဆောင်းပါးတွင် ရေပိုလွှဲများ၏ လုပ်ငန်းဆောင်တာ၊ အသုံးဝင်အကျိုးပြုမှုနှင့် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ခြင်းသည် စိုးရိမ်စရာအခြေအနေ  တစ်ခုမဟုတ်ပါကြောင်း နားလည်သိရှိသမျှ မျှဝေဖော်ပြ ပေးလိုပါသည်။

 

ရေလှောင်တမံဆိုသည်မှာ

 

ရေလှောင်တမံဆိုသည်မှာ မိုးရာသီတွင် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်အတွင်းသို့ အကျိုးမဲ့စီးဆင်းသွားမည့် မိုးရေများကို စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ မြို့ရွာများသောက်သုံးရေဖူလုံစေရေး၊ ဒေသ တစ်ခွင် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရန် လိုအပ်သည့် ပမာဏကို စနစ်တကျ တွက်ချက်သိုလှောင်ထားသော ရေအားအဆောက်အအုံများဖြစ်ပါသည်။ စိုက်ပျိုးရေးကို အခြေခံ တည်ဆောက်ထားသော မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်နိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရေလှောင်တမံ များ၏အကျိုးပြုမှုသည် များစွာအရေး ပါပါသည်။

 

ရေလှောင်တမံ တည်ဆောက်ရာတွင် ရေဆင်းဧရိယာတစ်ခုလုံးမှ စီးဝင်ရေအားလုံးကို တမံအတွင်း ထိန်းချုပ် သိုလှောင်မည်ဆိုပါက ကြီးမားသော တမံအရွယ်အစားအတွက် ကုန်ကျစရိတ်များပြားခြင်း၊ အောက်ဘက် မြစ်ချောင်းများအတွင်းသို့ ရေစီးဆင်းမှုရပ်တန့်သွားမည်ဖြစ်သဖြင့် မြစ်၏ဂေဟစနစ် ပျက်စီးလာခြင်းများ ဖြစ်ပေါ်လာနိုင်သောကြောင့် ရေပေးဝေမည့် စိုက်ပျိုးဧရိယာ (သို့မဟုတ်) ရေအားလျှပ်စစ်ထုတ်လုပ်မှုအတွက် လိုအပ်သော ရေပမာဏအချို့အား  ထိန်းသိမ်းသိုလှောင်ရန်သာ တည်ဆောက်လေ့ရှိကြပါသည်။

 

ရေလှောင်တမံများ တည်ဆောက်ထားခြင်းကြောင့် ရေဆင်းဧရိယာမှ စီးဆင်းလာသော ချောင်းရေများကို တမံ၏ ကန်ရေပြည့်ပမာဏအထိ ထိန်းသိမ်းထားနိုင်ပြီး တဖြည်းဖြည်း ထိန်းညှိ ရေလွှတ်နိုင်မှုကြောင့် တမံအောက်ဘက် ဒေသများတွင်  ရေကြီးနစ်မြုပ်ခြင်း လျော့ပါးစေရန် များစွာအထောက်အကူ ပြုနိုင်ပါသည်။  သိုလှောင်နိုင်သည့် ပမာဏထက်ကျော်သည့် တမံအတွင်း စီးဝင်ရေများမှာလည်း တမံရေဝပ်ဧရိယာသို့ စုဝင်ပျံ့နှံ့ရစ်ခွေပြီးမှ ရေပိုလွှဲမှတစ်ဆင့် ကျော်ကျစီးဆင်းရသဖြင့် ရေစီးအလျင် လျော့နည်းသွားနိုင်ပါသည်။

 

တမံအောက်ဘက် ဒေသများသို့ ရေရောက်ရှိရန် စီးဆင်းရချိန်လည်း ကြာမြင့်သွားမည်ဖြစ်သောကြောင့် ရေဘေးအန္တရာယ်အတွက် အချိန်ယူကြိုတင်ပြင်ဆင်နိုင်ပါသည်။ ယနေ့ခေတ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးခြင်းများကို ကမ္ဘာတစ်ဝန်း ခံစား နေကြရရာ တမံများကို စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ်အတွက်သာမက ရေဘေကာကွယ်ရေးအတွက် ရေထိန်းတမံများ အဖြစ်လည်း ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။ မြန်မာနိုင်ငံရှိ ရေလှောင်တမံများသည်လည်း ရေထိန်းတမံများအဖြစ် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့အကျိုးပြုလျက် ရှိပါသည်။

 

ရေလှောင်တမံ၏ အစိတ်အပိုင်းများ

 

ရေလှောင်တမံတွင် အဓိကအစိတ်အပိုင်းသုံးမျိုး ပါဝင်ပါသည်။ တမံကိုယ်ထည် (Dam Body)၊ ရေပိုလွှဲ (Spillway) နှင့် ရေထုတ်ပြွန် (Conduit) တို့ဖြစ်ပါသည်။

 

တမံကိုယ်ထည်အမြင့်ကို သတ်မှတ်ရာတွင် ထိုဒေသ၏ စီးဝင်ရေပမာဏ (Inflow)၊ ရေဝပ်ဧရိယာ၏ ရေသိုလှောင်နိုင်မှု (Area-Capacity) နှင့် အနည်ကျနှုန်း (Sedimentation Rate) များပေါ် မူတည်၍ မိမိအသုံးပြုလိုသော ရေပမာဏကို သိုလှောင်နိုင်မည့်အနက် (Full Tank Level) အပေါ်တွင် လှိုင်းဒဏ်ခံနိုင်သော ရေလွတ်အမြင့် (Free Board) ထည့်ပေါင်း၍ တမံအမြင့်ကို သတ်မှတ်ပါသည်။

 

သိုလှောင်ထားသည့် အသုံးပြုမည့်ရေများကို တမံကိုယ်ထည်၌ ထည့်သွင်းတည်ဆောက်ထားသော ရေထုတ်ပြွန် (Conduit) မှတစ်ဆင့် ဆည်ရေပေးမြောင်းများအတွင်းသို့ ထုတ်လွှတ်အသုံးပြုနိုင်ပါသည်။ ရေထုတ်ပြွန်အား ရေထိန်းမျှော်စင် (Control Tower)မှ ဂိတ်တံခါးဖြင့် လိုအပ်သလို ထိန်းချုပ်ဖွင့်ပိတ်နိုင်ပါသည်။ ထို့ကြောင့် ရေထုတ်ပြွန်သည် ရေလှောင်တမံ၏ ထိန်းချုပ်ဖွင့်ပိတ်နိုင်သော ရေအားအဆောက်အအုံဖြစ်ပြီး ၎င်းကိုလည်း စိုက်ပျိုးရေပေးဝေရန်အတွက်သာ ထိန်းချုပ်အသုံးပြုလေ့ရှိပါသည်။

 

ဤသို့ တမံအတွင်းသို့စီးဝင်ရေများအနက် အချို့ကိုသာ အသုံးပြုရန် သိုလှောင်ထားနိုင်သည် ဖြစ်သောကြောင့် ထိုလိုအပ်သော ပမာဏထက်ပိုသောရေများ ဖြတ်သန်းစီးဆင်းသွားနိုင်စေရန် ရေအားအဆောက်အအုံတစ်ခု တမံကိုယ်ထည်တွင် တပ်ဆင်ရန် လိုအပ်လ ပါသည်။ ထိုရေအား အဆောက်အအုံမှာ ရေပိုလွှဲ ဖြစ်ပါသည်။

 

ရေပိုလွှဲဆိုသည်မှာ

 

ရေပိုလွှဲအကြောင်း အနက်ဖွင့်ဆိုရာတွင် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ကြေးမုံသတင်းစာပါ ဆရာဘုန်းတင်လှိုင် ရေးသားခဲ့သော “ရေပိုလွှဲဆိုသည်မှာ ရေဖောက်ချရသည့် အရာမဟုတ်ဘဲ ကန်ရေပြည့် သိုလှောင်ပမာဏထက် ကျော်လွန်ပြီး စီးဝင်လာသောရေများ မူလမြစ်/ချောင်းများထဲသို့ စီးထွက်သွားစေရန် ထည့်သွင်းတည်ဆောက်ထားသော ရေအားအဆောက်အအုံဖြစ်သည် ဟူသော ရေးသားချက်အား ပြန်လည် မျှဝေချင်ပါသည်။ တစ်နည်းအားဖြင့် လိုအပ်သည်ထက်ပိုလျှံသော ရေပိုများ ကျော်ကျစီးဆင်းရန်အတွက် အထူးဒီဇိုင်းပြုတည်ဆောက်ထားရသော ရေအားအဆောက်အအုံဖြစ်ပါသည်။ ထို့ကြောင့် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ကျနေခြင်းသည် ရေပိုလွှဲ၏မဖြစ်မနေထမ်းဆောင်ရမည့် မူလတာဝန်သာ ဖြစ်ပြီး ထူးကဲစွာ စိုးရိမ်ရန်မလိုအပ်သော ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါသည်။   

 

ထို့ပြင် မြန်မာနိုင်ငံရှိ ရေလှောင်တမံအများစု၏ ရေပိုလွှဲများသည် ကန်ရေပြည့်မှတ်မရောက်ရှိမီတွင် ဖွင့်ချနိုင်သော ရေတံခါးများ တပ်ဆင်ထားခြင်းမရှိဘဲ ကန်ရေပြည့်မှတ်အထိ ရေအပြည့်သိုလှောင်၍ ထို့ထက် များပြားလာမှသာ သဘာဝအတိုင်း ကျော်ကျစီးဆင်းသွားစေရန် ဒီဇိုင်းရေးဆွဲထားကြခြင်း ဖြစ်ပါသည်။ အနည်းစု ရေပိုလွှဲများရှိ ရေပိုမိုလှောင်နိုင်ရန် တပ်ဆင်ထားသည့် ဂိတ်တံခါးများကိုလည်း စီးဝင်ရေအားချင့်ချိန်၍ စနစ်တကျ တွက်ချက်ဖွင့်ပိတ်နိုင်ရန် သတ်မှတ်လုပ်ထုံးလုပ်နည်းများ ရေးဆွဲစီမံဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ချောင်းအထက်ပိုင်းတွင် မိုးများ၍ ရေပိုလွှဲမှ ရေကျော်ကျနေခြင်းသည် ဖောက်ချဖန်တီးနိုင်သော (သို့မဟုတ်) တားဆီးပိတ်ပင်နိုင်သော ဖြစ်စဉ်မျိုးမဟုတ်ဘဲ ရေပိုလွှဲ၏ သဘာဝ ဖြစ်စဉ်တစ်ခုသာဖြစ်ပါသည်။ ရေလှောင် တမံ/ရေပိုလွှဲများသာမရှိပါက ရေစီးဆင်း မှုသည် ပမာဏများစွာ ပိုမိုပြင်းထန်မည် ဖြစ်ပါသည်။

 

ရေပိုလွှဲမှ ရေကျော်ခြင်း၏ အကျိုးများ

 

ရေများ ရေတံခွန်ကဲ့သို့ ကျော်ကျဖြာထွက်စီးဆင်းနေသော ရေပိုလွှဲတစ်ခု၏ အလှအပသည် ရေလှောင်တမံတစ်ခု၏ အပေါ်လွင်ဆုံး၊ စိတ်ဝင်စားဖွယ် အကောင်းဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ဖွယ်ရှိပါသည်။ ရေပိုလွှဲသည် တမံကိုယ်ထည်ခိုင်ခံ့မှုအတွက် များစွာအရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။ ရေပိုလွှဲမှ လုံလောက်သော ရေကျော်ကျစီးဆင်းမှုမရှိပါက သိုလှောင် ပမာဏထက် ကျော်လွန်လာသောရေများ သည် တမံထိပ်မှ ကျော်ကျခြင်း (Overtopping)အား ဖြစ်စေနိုင်ပြီး တမံ ကိုယ်ထည်ကြံ့ခိုင်မှုကို ထိခိုက်စေမည် ဖြစ်ပါသည်။

 

ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် အောက်ဘက်မြစ်ချောင်းများ၏ သဘာဝအတိုင်း ရေစီးဆင်းမှုကို ဖြစ်ပေါ်စေသောကြောင့် ထိုမြစ်ချောင်းတို့၏ မူလသွင်ပြင်ပုံစံနှင့် ရေစီးဆင်းမှု အခြေအနေကို များစွာ အထောက်အပံ့ ပေးပါသည်။ မြစ်ချောင်းများ၏ သက်စောင့်ရေ (Enviromental Flow) ကိုလည်း ဖန်တီးပေးပါသည်။ သက်စောင့်ရေဆိုသည်မှာ မြစ်ချောင်းများအတွင်းနှင့် မြစ်ချောင်းများအနီးရှိ သစ်ပင်ပန်းမန်နှင့် ရေနေသတ္တဝါတို့၏ သဘာဝရှင်သန် နေထိုင်မှုဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်သော အခြေခံသဘာဝရေစီးဆင်း မှုဖြစ်ပါသည်။    

 

အခြား အကျိုးကျေးဇူးတစ်ခုမှာ ရေလှောင်တမံအထက်ပိုင်းမှ ရေနေသတ္တဝါများသည် ရေပိုလွှဲမှ ရေကျော် ကျစီးဆင်းခြင်းနှင့်အတူ ရေလှောင်တမံအောက်ဘက်မြစ်ချောင်းများအတွင်းသို့ လွတ်လပ်စွာ ပျံ့နှံ့ရောက်ရှိနေထိုင် ကြီးပြင်းနိုင်ကြခြင်းဖြစ်ပါသည်။ ငါးကဲ့သို့သော ရေနေသတ္တဝါများသည် တမံကိုယ်ထည် အောက်ခြေ ရေထုတ်ပြွန်မှ ဖြတ်သန်းနိုင်သည်ဆိုသော်လည်း တွေ့ရှိချက်များအရ တမံအောက်ခြေရေထု၏ အပူချိန်လျော့ကျမှုနှင့် အောက်ဆီဂျင်နည်းပါးစွာပါဝင်မှုကြောင့် ရေပိုလွှဲမှစီးဆင်းရေနှင့်အတူသာ ပိုမို ရွှေ့ပြောင်းသွားလာကြကြောင်း သိရှိရပါသည်။

 

ရေပိုလွှဲများ၏ ခိုင်ခံ့မှုအခြေအနေ

 

မြန်မာ့ဆည်တာတမံ တည်ဆောက်မှုသမိုင်းသည် ရှေးမြန်မာမင်းများလက်ထက် လယ်တွင်းကိုးခရိုင်မှ အစပြု၍ ကိုလိုနီခေတ်ကိုဖြတ်ကျော်ကာ ယခုလက်ရှိကာလအထိ ရှည်လျားတည်တံ့ခဲ့ပါသည်။ ရေအား အဆောက်အအုံများ တည်ဆောက်မှုနှင့် ရေအသုံးချမှု နည်းပညာများတွင်လည်း တိုးတက်ဖွံ့ဖြိုးစေရန် အစဉ်အားထုတ် ဆောင်ရွက်လျက်ရှိပါသည်။ ရှေးနှစ်များစွာကပင်စ၍ ပဲခူး-စစ်တောင်းတူးမြောင်း၊ တွံတေးတူးမြောင်းကဲ့သို့ ရေအသုံးချသွားလာမှု လမ်းကြောင်းသစ်များ၊ မိုးဗြဲ၊ မြစ်ကျိုးနှင့် တာဝကဲ့သို့သော လှေဝင် လှေထွက်လမ်းကြောင်း (Navigation Locks)များ၊ များစွာသော ရေလှောင် တမံများကို တည်ဆောက်ထိန်းသိမ်း အသုံးပြုလျက်ရှိပါသည်။ ရေလှောင် တမံနှင့်ရေပိုလွှဲများတည်ဆောက်ရာတွင် စနစ်တကျ စူးစမ်းလေ့လာမှုများ ဆောင်ရွက်၍ ကျွမ်းကျင်နည်းပညာရှင်များနှင့် တွက်ချက်ဆောင်ရွက် လျက်ရှိပါသည်။

 

ရေလှောင်တမံနှင့် ရေပိုလွှဲများ တည်ဆောက်ရာတွင် ထိုဒေသ၏ မိုးလေဝသနှင့် ရာသီဥတုအခြေအနေ၊ ရေကြီးမှုသမိုင်းပေါ်မူတည်၍ ဇလဗေဒ ပညာရှင်များ တွက်ချက်ရရှိသော ဒီဇိုင်းရေထုစီးနှုန်း အချက်အလက်များ၊ အောက်ခံမြေအမျိုးအစားများ၊ ငလျင်ပြင်းအား စသည့်အချက်အလက်များကို စုစည်း၍ ခေတ်မီနည်းပညာ ဆော့ဖ်ဝဲများ အသုံးပြုတွက်ချက် တည်ဆောက်ထားကြပါသည်။

 

ရေပိုလွှဲမှ ရေကျော်ခြင်းကိုသတိပေးမှုများ

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေပိုလွှဲမှ ရေစတင်ကျော်သည်နှင့် အလံအစိမ်းရောင်၊ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ပါက အလံအဝါရောင်၊ ဒီဇိုင်းရေထုစီးနှုန်းအထက် ရေကျော်ပါက အလံအနီရောင် စသည်ဖြင့် ရေပိုလွှဲထိပ်နှင့် ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် အလံစိုက်ထူ၍ အများပြည်သူများအား သိရှိရန်အသိပေးလေ့ရှိပါသည်။ ဤသို့ အလံများစိုက်ထူရာတွင် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထက်အထိ ရေကျော်ကျလာခြင်းသည်သာ စောင့်ကြည့်ရမည့် စိုးရိမ်သင့်သော အခြေအနေဖြစ်ပြီး ကျန်အခြေအနေများတွင် ရေပိုလွှဲမှရေကျော်ကျခြင်းသည် များစွာစိုးရိမ်ဖွယ် အခြေအနေမဟုတ်ပါ။ ဒီဇိုင်းရေထုစီးနှုန်းအထက်အထိ ရေကျော်ကျလာသည့်အခြေအနေတွင်မူ မိမိဒေသ၏ လက်တွေ့ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ်နှင့်လိုက်လျောညီထွေသည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ အချိန်မီဆောင်ရွက်ရမည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အချို့ရေလှောင်တမံများ၌ ထူးကဲမိုးများ ရွာသွန်းသောကြောင့် ဒီဇိုင်းရေထုစီးနှုန်းထက် ရေများစွာကျော်ကျခဲ့သော ဖြစ်စဉ်များတွင်မူ ရေပိုလွှဲများသည် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ပါသည်။

 

ထို့ကြောင့် အချုပ်အားဖြင့် ရေပိုလွှဲဟူသည်မှာ ရေများကျော်ကျရန် တကူးတက ဒီဇိုင်းရေးဆွဲ တည်ဆောက်ထား ရသည့် ရေအားအဆောက်အအုံဖြစ်၍ ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် ၎င်း၏မူလတာဝန်ကို ရိုးစင်းစွာထမ်းဆောင် နေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ရေတံခွန်ကဲ့သို့ ရေများဖြာကျစီးဆင်းနေသော ရေပိုလွှဲများတွေ့ရှိပါက စိုးရိမ်စရာအခြေအနေဟု မယူဆသင့်ပါကြောင်း၊ ရေကျော်ကျနေသော ရေပိုလွှဲများသည် ရေလှောင်တမံခိုင်ခံ့မှုနှင့် သဘာဝပတ်ဝန်းကျင်အတွက် သွယ်ဝိုက်အကျိုးပြုလျက် ရှိနေပါကြောင်းနှင့် ရေပိုလွှဲများသည် တောင်ဖျားဆီမှ မိုးညို့ညို့အား တတ်စွမ်းသမျှ အန်တုခုခံ လျက်ရှိပါကြောင်း သိရှိသမျှ မျှဝေ ရေးသားအပ်ပါသည်။ ။

 

ကိုးကား - ဆည်မြောင်း ဦးစီးဌာနမှ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁ ရက် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည့် ဆရာ ဘုန်းတင်လှိုင် ရေးသားသော “ရေပိုလွှဲဆိုသည်မှာ..” ဆောင်းပါး