နေပြည်တော်     စက်တင်ဘာ     ၂၄

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်၍ ထိခိုက်ခဲ့သောစပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာ ပင်လောင်းလမ်းမကြီးဘေး၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာလအတွင်း ထူးကဲသည့် မိုးရွာသွန်းခဲ့မှုများကြောင့်  နေပြည်တော် ကောင်စီနယ်မြေအတွင်း တောင်ကျချောင်းရေ၊ မြောင်းရေ၊ ကွင်းရေများပြည့်လျှံပြီး ရေကြီးရေလျှံခြင်း ဖြစ်ပေါ်ခဲ့သဖြင့် မိုးစပါးနှင့် သီးနှံစိုက်ကွင်းများ ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးမှု ကြုံတွေ့ခဲ့ရကြောင်း။

 

ပျက်စီးသွားသည့် စပါးခင်းများအနေဖြင့် ဆည်ရေသောက်ဧရိယာတွင်ပါဝင်ပါက တတ်နိုင်သမျှ စပါးပြန်လည်စိုက်ပျိုး ကြရန် တိုက်တွန်းလိုပါကြောင်း၊ တောင်သူများ အရန်သင့်ပြန်လည်စိုက်ပျိုးနိုင်ကြစေရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များ၌ စပါးပျိုးထောင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ စပါးပြန်လည်စိုက်ပျိုးလိုခြင်းမရှိသည့် တောင်သူများအနေဖြင့် အခြားသီးနှံများ စိုက်ပျိုးလိုပါက မျိုးလိုအပ်ချက်၊ ထွန်ယက်ရေးလိုအပ်ချက်များကို သက်ဆိုင်ရာစိုက်ပျိုးရေးရုံးများ၊ စက်မှုလယ်ယာရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများကို ပြန်လည်ကုစားရန် လိုအပ်သည့် နည်းစနစ်များကို တောင်သူများမျက်မြင်လက်တွေ့ သိရှိသွားကြရန်နှင့် လက်တွေ့ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ယနေ့အခမ်းအနားတွင် စုပေါင်းလှုပ်ရှားမှုအသွင်ဖြင့် ကွင်းသရုပ်ပြပွဲ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက်နေပြည်တော်ကောင်စီဥက္ကဌက ထိခိုက်ခဲ့သော စိုက်ခင်းများကို  အချိန်မီကုစား ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ကောင်စီအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေး ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသည့် စိုက်ကွင်းများ၌ ကြုံတွေ့ နိုင်သော သီးနှံပိုးမွှားရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ရေကြီးနစ်မြုပ်စပါးခင်းများ ရေပြန်ကျချိန်တွင် အထွက်နှုန်း မထိခိုက်စေရန် ပြန်လည်ကုစားခြင်းလုပ်ငန်းအနေဖြင့် သွင်းအားစုများထည့်သွင်းခြင်းနှင့် သတိပြုသင့်သည့် နည်းပညာ ရပ်ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ရေကြီးနစ်မြုပ်ခဲ့သည့် နေပြည်တော် ကောင်စီနယ်မြေအတွင်းမှ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်များမှ တောင်သူများကို ယူရီးယား၊ ပိုတက်နှင့် ကျောက်မှုန့် ဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်ကြသည်။

 

ယင်းနောက် အခမ်းအနား တက်ရောက်လာကြသော တောင်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် တာဝန်ရှိသူ များက ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများ ပြန်လည်ကုစားရေးအတွက် သွင်းအားစုများ ထည့်သွင်းရန် ကြိုတင်ပြင်ဆင်မှုသရုပ်ပြခြင်း၊ ရေကြီးနစ်မြုပ်စပါးခင်းများ ပြန်လည်ကုစားရန် ရွက်ဖျန်း အားဆေးပက်ဖျန်းခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ထည့်သွင်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်မှု လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ မိုးစပါး ဧက(၅၀,၀၀၀) အပါအဝင် သီးနှံစုံ ဧက (၅၅,၀၀၀)ကျော် ရေနစ်မြုပ် ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်အထိ မိုးစပါးဧက (၄၂,၀၀၀) ကျော် ရေပြန်ပေါ်လာသည့်အနက် ဧက(၃၀,၀၀၀)ကျော် ထိခိုက်ပြီး၊ ဧက(၂၀,၀၀၀)ကျော် ပျက်စီးသွားကြောင်း ပျက်စီးသွားခြင်းမရှိဘဲ ထိခိုက်ရုံသာ ထိခိုက်ခဲ့သည့် စပါးခင်းများ အထွက်နှုန်း လျော့နည်းမသွားစေရေး အချိန်မီပြန်လည်ကုစားခြင်းလုပ်ငန်းများကို တောင်သူများစနစ်တကျ လိုက်နာဆောင်ရွက်နိုင်စေရန် ယခုကဲ့သို့ ကွင်းသရုပ်ပြသ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် ကွင်းသရုပ်ပြပွဲအတွက် လိုအပ်သော ဧက(၁၀၀)စာ ဓာတ်မြေဩဇာများ၊ ရွက်ဖျန်းအားဆေးများကို မာလာမြိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်က လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)