ဟိုပုံး   စက်တင်ဘာ   ၂၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)အဖွဲ့ဝင်များအတူ ယနေ့ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြသိန်းတန်ပရိယတ္တိစာသင်တိုက်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး သဘာဝဘေးကြောင့် ဆုံးရှုံမှုများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည်  မြသိန်းတန်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တမင်္ဂလ အား ဖူးမြော်ကြည်ညို၍ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ အလှူတော်ငွေနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ရေးဘေးနှင့်ကြုံတွေ့ရသည့် ပြည်သူများ၏ဆုံးရှုံးမှုများကို အမြန်ပြန်လည်ထူထောင်ပေးမည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ပြီး အဓိကဆောင်ရွက်ရမည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုအတွက် ဦးစားပေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

       

 ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍  ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း မြို့နယ်သုံးမြို့နယ်၏ ရေးဘေးသင့်မှုအခြေအနေများကို တင်ပြသည်။

      

 ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀)အားပေးအပ်ရာ ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလည်းကောင်း၊ (PNO)အဖွဲ့ အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေက ထောက်ပံ့ငွေကျပ်သိန်း(၅၀)အား ပေးအပ်ရာ မြို့မိမြို့ဖ တစ်ဦးကလည်းကောင်း လက်ခံရယူသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် နောင်တရား အာလူးအအေးခန်းနှင့် နောင်တရား သဘာဝမြေဩဇာစက်ရုံ လည်ပတ်နေမူအခြေအနေများကို လှည့်လည်ကြည့်ရူသည်။

 

ထို့နောက် နောင်တရားသဘာဝမြေဩဇာစက်ရုံ ဧည့်ခန်းမဆောင်တွင် ဒေသခံများနှင့်တွေ့ဆုံ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သဘာဝဘေးကြောင့်ပျက်စီးသွားသည့် စာသင်ကျောင်းများ၊ လမ်းများ၊ တံတားများနှင့် ကျန်းမာရေးဆေးပေးခန်းများကို စာရင်းကောက်ယူပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ပြန်လည်ဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့်အတူ ဒေသအလှူရှင်များ၊ ဒေသခံပြည်သူများပူးပေါင်း ဆောင်ရွက်လျှင်  ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒေသခံပြည်သူများက လိုအပ်သည်များကိုတင်ပြဆွေးနွေးရာ  ပြည်နယ်အဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ဒေသခံများ၏တင်ပြချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ပြန်လည်ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က သဘာဝဘေးဒဏ်ပြင်းထန်စွာခံစားခဲ့ရသည့် နောင်မူဒေသ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း(၅၀)နှင့် နောင်တရားဒေသ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း (၁၀၀)ကိုလည်းကောင်း၊ ဒေသခံအလှူရှင်များဖြစ်သည့် အောင်ပန်းမြို့ CB ဘဏ်မှ ငွေကျပ်သိန်း(၅၀)၊ နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ ငွေကျပ်သိန်း(၃၀) စုစုပေါင်းငွေ ကျပ်သိန်း (၂၃၀)ကို  ပေးအပ်ရာ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီနှင့် ဒေသခံများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)