နေပြည်တော် စက်တင်ဘာ ၂၄
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အထူးရန်ပုံငွေ (၂၀၂၃)ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။
အခမ်းအနားသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(မြန်မာ)နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ် လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်း ရှင်များအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့မှ ကိုယ်စားလှယ် များ၊ စားသောက်ကုန်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးပွဲသည် စားသောက်ကုန်လုပ်ငန်းအများစုအတွက် ရည်ရွယ်ပြီး စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ နည်းပညာများ မျှဝေသွားမည်ဖြစ်ကြောင်း၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ နည်းပညာများနှင့် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် များကို ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် ဖြန့်ဝေသည့် စွမ်းအင်အကျိုး ရှိထိရောက်စွာသုံးစွဲရေး နည်းလမ်းနှင့် နည်းပညာရပ်များသည် စား သောက်ကုန်လုပ်ငန်း စက်ရုံအလုပ်ရုံများအတွက်သာမက အခြားသောလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံ များ၊ စီးပွားရေးအဆောက်အဦများနှင့် နေအိမ်အဆောက်အဦ၊ ပတ်ဝန်းကျင်များအတွက်ပါ အသုံးချနိုင်ပါက အလွန်အကျိုးရှိသည့် အဖိုးတန်ပညာရပ်များပင်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ အနေဖြင့် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ နည်းပညာများ အသုံးချနိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ စွမ်းအင် အကျိုးရှိထိရောက်စွာသုံးစွဲရေး မူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေး မှူးက အစားအသောက်ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်ရေး နည်းလမ်းများနှင့် သန့်ရှင်းသောထုတ်လုပ်မှုကိုလည်းကောင်း၊ အမျိုးသားအဆင့် အတိုင်ပင်ခံကိုယ်စားလှယ်က အစားအသောက် ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်စီမံခန့်ခွဲမှုနှင့် အကျိုးရှိထိရောက်စွာ သုံးစွဲရေးနည်း ပညာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ စကားဝိုင်းပုံစံဖြင့် ဆွေးနွေးခြင်း၊ ဖွဲ့စည်းထားသည့် အဖွဲ့များက “စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး လုပ်ငန်းများ အသုံးချမည်” ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီး အဖွဲ့အလိုက်ဆွေးနွေးရရှိသည့် အချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း၊ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ စွမ်းအင်အကျိုးရှိ ထိရောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများချမှတ်ခြင်းများ ဆောင်ရွက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ကုန်ကြမ်းလိုအပ်ချက်တွက်ချက်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြုစုထားရှိသည့် စားသုံးဆီ လိုအပ်ချက်များနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားသင့်သည့် အချက်အလက်များကို ဝေဖန်အကြံပြု ဆွေးနွေးပေးရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးသည့် တောင်သူ၊ ဆီကြိတ်ခွဲသည့်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး၊ ပြည်နယ် များရှိ ဆီကြိတ်စက်များ၏ စက်စွမ်းအား၊ ကုန်ကြမ်းလိုအပ်ချက်၊ ဆီထွက်ရှိမှုအခြေအနေ၊ ပြည်သူတစ်ဦး တစ်နှစ်စားသုံးဆီသုံးစွဲမှုများကို အခြေခံတွက်ချက်ထားသည့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်များကို အသေးစိတ် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ပြည်တွင်းဆီစက်များမှ ကြိတ်ခွဲထွက်ရှိသည့် စားသုံးဆီများ ဈေးကွက်ရရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများဖြစ်စေရေး၊ ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆွေးနွေးညှိနှိုင်းပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


