နေပြည်တော်      စက်တင်ဘာ     ၂၄

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ() လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ အောင်မြေရတနာ ဘုန်းတော်ကြီးကျောင်းနှင့် ပုပ္ဗသီရိမြို့နယ် ရွှေမင်္ဂလာပေါက်တော ဘုန်းတော်ကြီးကျောင်းတို့ရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။

 

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နှစ်ပေါင်းများစွာတွင် နေပြည်တော်၌မဖြစ်ပွားဖူးသည့် ရေကြီးရေလျှံမှုကြောင့် နေပြည်တော်ရှိ မြို့နယ်(၅)မြို့နယ်တွင် ထိခိုက်ပျက်စီးမှုအခြေအနေ၊ နိုင်ငံတော် အစိုးရအနေဖြင့်  ထောက်ပံ့ထားရှိမှုအခြေအနေ၊ နေထိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးတို့အတွက် နိုင်ငံတော်က တတ်နိုင်သမျှ ဆက်လက်ပံ့ပိုးကူညီမည့် အခြေအနေတို့ကိုရှင်းလင်း၍ အားပေးစကား ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်ရေး၊ ဆေးရုံဆေးခန်း များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ရေကြီးရေလျှံမှုကြောင့် အသက် ဆုံးရှုံးခဲ့ရသူတို့၏ မိသားစုဝင်များအား နိုင်ငံတော်မှထောက်ပံ့သည့် ငွေကျပ်(၅၀၀,၀၀ဝိ/-)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် ငွေကျပ် (၃၀၀,၀၀ဝိ/-)၊ နေပြည်တော်ကောင်စီမှထောက်ပံ့သည့် ငွေကျပ် (၂၀၀,၀၀ဝိ/-) စုစုပေါင်း ငွေကျပ်(၁,၀၀၀,၀၀ဝိ/-) စီကို လည်းကောင်း၊ နေအိမ်ရေမျောပါ ပျက်စီးဆုံးရှုံးရသူများအတွက် မိသားစုအလိုက် ကယ်ဆယ်ရေးပစ္စည်း များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်(နေပြည်တော်)နှင့် Save The Children တို့မှ တာဝန်ရှိသူများက လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)