နေပြည်တော်    စက်တင်ဘာ     ၂၄

 

ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့်  လုပ်ငန်းလမ်းညွှန်အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ  ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုဝင်ဘာ ၂၀ ရက်တွင် အဝေးသင်စာမေးပွဲများပြီးဆုံးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက ဆောင်ပုဒ်ရှိသည်နှင့်အညီ ကျောင်းသား ကျောင်းသူများ စည်းကမ်းလိုက်နာတတ်ပြီး အမှန်တကယ် စာတတ်မြောက်အောင် ဆရာမများက လေ့ကျင့်ပျိုးထောင် ပေးရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာစေရေး အစဉ်တစိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က သင်ကြားရေးကိစ္စရပ်များ၊ စာမေးပွဲကိစ္စရပ်များတွင် လစ်ဟာမှုများ မရှိအောင် သတိကြီးစွာဖြင့် ကြိုတင်စဉ်းစားလုပ်ဆောင်ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ်၊ (၂၄)ကြိမ်မြောက် ဝိဇ္ဇာ၊သိပ္ပံ သုတေသနညီလာခံကို ဇန်နဝါရီတွင် ကျင်းပသွားမည်ဖြစ်ပြီး သုတေသနစာတမ်းများကို ပါဝင်ဖတ်ကြားဆွေးနွေးစေလိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် နိုင်ငံ၏ ပညာရေးကဏ္ဍတိုးတက်စေရန် မိမိတို့တတ်မြောက်ထားသောပညာရပ်များကို စေတနာအပြည့်ဖြင့် သင်ကြား ပေးရန်လိုအပ်ကြောင်းပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)