မင်းဘူး စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ် ထောက်ရှာပင်ဆိပ်ကမ်း၌ ဧရာဝတီမြစ်ကမ်းနား တစ်လျှောက် ပလတ်စတစ်နှင့် အခြားအမှိုက်များ စွန့်ပစ်ခြင်းများ ကင်းဝေးစေရန်နှင့် အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၂၅ ရက် ၊ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ လုပ်ငန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်အရ ဧရာတီမြစ်ကမ်းနားတစ်လျှောက်နှင့် ဆိပ်ကမ်းနယ်များတွင် ဆိုက်ကပ်ထားသော ရေယာဉ်များ၊ ဆိပ်ကမ်းနယ် အနီးဝန်းကျင်ရှိ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများ ဆိပ်ကမ်းအနီးတစ်ဝိုက်တွင် နေထိုင်သူများကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးနှင့် စွန့်ပစ်အမှိုက်များအား မြစ်ချောင်းများအတွင်း စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး စီမံဆောင်ရွက်နိုင်ရန်အတွက် လူထုလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က "ပင်လယ်သမုဒ္ဒရာနှင့် မြစ်များအတွင်း ပလတ်စတစ်နှင့် အခြားအမှိုက်များ မစွန့်ပစ်ခြင်းဖြင့် အဏ္ဏဝါ အမှိုက်သရိုက်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြပါစို့" ဆောင်ပုဒ်နှင့်အညီ မင်းဘူးမြို့နယ် ထောက်ရှာပင် ဆိပ်ကမ်းရှိ ရေယာဉ်များပေါ်တွင် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်း၊ ဧရာတီမြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း၊ ဆိပ်ကမ်းအနီးရှိ စားသောက်ဆိုင်များတွင် အသိပညာပေး ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လူစည်ကားရာနေရာများတွင် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး အမှိုက်ပုံးထားရှိပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယင်း စုပေါင်းအမှိုက်ကောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာသို့ မင်းဘူးခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရပြီး ယခုကဲ့သို့ ပင်လယ်သမုဒ္ဒရာနှင့် မြစ်ချောင်းများအတွင်း ပလတ်စတစ်နှင့် အခြားအမှိုက်များ စွန့်ပစ်ခြင်းများ ကင်းဝေးစေရန်နှင့် အဏ္ဏဝါအမှိုက်သရိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ဌာနဆိုင်ရာများ စုပေါင်း အမှိုက်ကောက်ခြင်းနှင့် လူထုအသိပညာပေးခြင်း လုပ်ငန်းများကို လစဉ်လတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )


