လယ်ဝေး စက်တင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီး သီးနှံစိုက်ဧကများအား အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၏ ဦးဆောင်မှုဖြင့် မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များသည် အလယ်ကျွန်းကျေးရွာအုပ်စု၊ ပေါက်မြိုင်ကျေးရွာအုပ်စုနှင့် သစ်ကြိမ်းကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင် ဦးဝင်းအောင်က ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သော မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် တစ်ဧကလျှင်တစ်တင်းနှုန်းဖြင့် ရက်(၉၀)စပါးမျိုး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သွင်းအားစုများလည်း ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း၊ အစားထိုးစိုက်ပျိုးမည့် စိုက်ဧကများအတွက် ထွန်ယက်ရေးကိစ္စများ စက်မှုလယ်ယာဦးစီးဌာနမှ အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထွန်စက် ၁၇ စီး စီစဉ်ဆောင်ရွက်ထားကြောင်း၊ မတ်ပဲနှင့် နေကြာမျိုးများလိုအပ်ပါက စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန်ပြောကြားပြီး ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော တောင်သူများက မိုးစပါးပြန်လည်စိုက်ပျိုးရန် နောက်ကျမည်ဖြစ်၍ အခက်အခဲရှိသဖြင့် မတ်ပဲသီးနှံ သာစိုက်ပျိုးရန် အဆင်ပြေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးအတွက် အခက်အခဲရှိ၍ စိုက်ပျိုးစရိတ်ငွေများ ထောက်ပံ့ပေးနိုင်ပါရန်၊ ထွန်ယက်ရေးအတွက် လိုအပ်သော စက်ယန္တရားများ စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန်၊ ရေထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ပြုပြင်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် သီးနှံမျာ စိုက်ပျိုးရာတွင် တောင်သူများမှ ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ရေလွှတ်မည့်အချိန်နှင့် ရေဖြတ်မည့် အချိန်များအား ကြိုတင်အကြောင်းကြားပေးနိုင်ပါရန် တင်ပြရာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)


