မကွေး စက်တင်ဘာ ၂၅
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်ပေးပြီး ကျောင်းအတွင်း ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများ၊ ဂိမ်းကစားပြိုင်ပွဲများနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းရှိ တေဇခန်းမ၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီ သီချင်းဖြင့် ဖျော်ဖြေကာ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် Video Clip အား ပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခုလို စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များကို စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရေး ပျိုးထောင်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာကြမည့် လူငယ်မောင်မယ်များ ဖြစ်ကြသည့်အတွက် ကာယ၊ ညာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံဖို့ လိုအပ်ပါကြောင်းနှင့် ဗလငါးတန်နဲ့ ပြည့်စုံနိုင်ရေး စာပေလေ့လာဖတ်ရှုဖို့ လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့ရဲ့ တပည့်သားသမီးတွေ ပညာရည် မြင့်မားဖို့၊ အသိပညာဗဟုသုတတွေ တိုးပွားစေဖို့အတွက် စာပေလေ့လာဖတ်ရှုဖို့၊ စာကြည့်တိုက်စာပေလေ့လာမှုတွေကို အလေ့အကျင့်တွေဖြစ်လာစေဖို့ အားပေးတိုက်တွန်းရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်များ ရှင်သန်တိုးတက်ရေးအတွက် လိုအပ်တဲ့ စာအုပ်စာစောင်တွေ၊ ပရိဘောဂတွေနဲ့ ဖြည့်ဆည်းနိုင်ရေးကိုလည်း အဘက်ဘက်က ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စာတတ်ရုံ၊ အသိပညာ ပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွက် လာစေရေးအပြင် ပညာဗဟုသုတ ပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ဆောင်ရွက်နိုင်တဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကိုလည်း တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး စာရေးဆရာထင်ကျော် (စက်မှုတက္ကသိုလ်)က စာပေဖတ်ရှုခြင်း အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် စာပေဟောပြောခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်းပြီး စာပေဟောပြောပွဲတွင် ပါဝင်ကူညီခဲ့သည့် စာရေးဆရာ ထင်ကျော် (စက်မှုတက္ကသိုလ်)အား အမှတ်တရလက်ဆောင်နှင့် သီဆိုဖျော်ဖြေပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာဖတ်ဝိုင်း၊ စာပေဆိုင်ရာ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ဂိမ်းကစား ပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား စက်တင်ဘာ ၂၆ ရက်တွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)


