ရန်ကုန် စက်တင်ဘာ ၂၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ အရာထမ်းလောင်း(အထူး) သင်တန်း အမှတ်စဉ်(၁၂)၏ သင်တန်းဆင်း စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တက္ကသိုလ် စစ်ရေးပြကွင်း(၁)၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌအား သင်တန်းဆင်းတပ်ခွဲက အလေးပြုခြင်း၊ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် အောင်လက်မှတ် ပေးအပ်ခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် နိုင်ငံရေးနှင့် စီးပွားရေးစနစ်များ၊ အစိုးရအဖွဲ့များ မည်သို့ပြောင်းလဲစေကာမူ နိုင်ငံတော်ယန္တရားတစ်ခုလုံး စဉ်ဆက်မပြတ် ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် နိုင်ငံ့ဝန်ထမ်းများက အဓိကဆောင်ရွက်ကြသူများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် လိုက်နာရမည့် စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း၊ အစိုးရဌာနများသည် ပြည်သူကို အလုပ်အကျွေး ပြုရသည့်ဌာနများဖြစ် သဖြင့် သင်တန်းသား အရာထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာစီမံခန့်ခွဲတတ်သည့် တာဝန် ကျေပွန်သော အရာထမ်းများအဖြစ် ပြည်သူ့အကျိုးကို ရှေးရှုဖော်ဆောင်ပေးနိုင်သော ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၁၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလ မှာ ဇွန် ၃ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ကြာမြင့်ခဲ့သည်။
အလားတူ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ်(၂၁၀) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံ့ ၀န်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) ပါမောက္ခချုပ်က သင်တန်းသားစံပြဆု၊ သင်တန်းသူစံပြဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆုနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ပြီး မိန့်ခွန်းပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


