နေပြည်တော် စက်တင်ဘာ ၂၅
အားကစားကဏ္ဍတိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်ပြီး လူသားအရင်းအမြစ်အား တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြား ထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်၍လွှတ်တင်
ဦးစွာ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်းဝင်ရောက်နေရာယူပြီး စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများ နေရာယူကြသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာချိန်တွင် တပ်မတော် အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းတို့က ဖွင့်ပွဲစာတန်းပါ မိုးပျံပူဖောင်းများအား ဖဲကြိုးဖြတ်၍ လွှတ်တင်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားသမားများ၏ အလေးပြုခြင်းကိုခံယူသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် တပ်မတော်အနေဖြင့် ယခုကဲ့သို့ အားကစားပြိုင်ပွဲများကို ကျင်းပနေခြင်းသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အားကစားသမားများမှ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ်ကို တက်လှမ်းနိုင်စေရန် ရည်ရွယ်ကျင်းပနေခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်ရွယ်မွေးထုတ်ပေးနေခြင်းလည်း ဖြစ်ကြောင်း။
အားကစားဟူသည်မှာ ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးပြုပြီး လှုပ်ရှားဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အားကစား လုပ်ဆောင်ခြင်းကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးကို ကြံ့ခိုင်သန်စွမ်းစေရုံမက စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်ဖွံ့ဖြိုးစေကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ကိုဗစ် - ၁၉ ကပ်ရောဂါကူးစက်မှုနှုန်း မြင့်မားချိန် ကာလမှအပ နှစ်စဉ်ပုံမှန်ကျင်းပ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် မိမိတို့တပ်မတော် သားများ၏ တစ်ဦးချင်းအပြင် အဖွဲ့လိုက်ယှဉ်ပြိုင်ရ သည့် အားကစားနည်း ၁၀ မျိုးကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း။
စဉ်ဆက်မပြတ်ပေါ်ထွက်နေ
တပ်မတော်အနေဖြင့် တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော် အားကစားကော်မတီ တို့ကိုဖွဲ့စည်းပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အရည်အသွေးမြင့် တပ်မတော်သားအားကစားသမားများ မွေးထုတ်ပေး လျက်ရှိကြောင်း၊ ထို့ပြင် နှစ်စဉ်အားကစားပြက္ခဒိန်ကို ရေးဆွဲထားရှိပြီး တိုင်းစစ်ဌာနချုပ်များအလိုက် သတ်မှတ် ပြိုင်ပွဲများကို ကျင်းပခဲ့သောကြောင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများအတွက် သွေးသစ်လောင်း နိုင်သည့် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်နေခြင်းလည်း ဖြစ်ကြောင်း။
အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို အောင်မြင်စွာ မြှင့်တင်ပေး နိုင်ခြင်းပင်ဖြစ်သောကြောင့် နိုင်ငံတော်၏ လူသား အရင်းအမြစ်ကို တိုက်ရိုက်သက်ရောက် ဖွံ့ဖြိုးတိုးတက် စေသည့် အဓိကအကြောင်းရင်းခံတစ်ရပ်လည်းဖြစ် ကြောင်း၊ တပ်မတော် သားအားကစားသမားများသည် နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ဒေသတွင်း ပြိုင်ပွဲများတွင် အဆင့်အတန်းပြည့်မီစွာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ကြသည့်အပြင် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဆုတံဆိပ်အသီးသီး ဆွတ်ခူးရရှိနေကြသည် ကိုလည်း တွေ့ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ထမ်းဆောင် ရာ၌ ကြံ့ခိုင်သန်စွမ်းမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ဓာတ် ထက်သန်ပြင်းပြမှုတို့လိုအပ်ကြောင်း၊ အချင်းချင်း စည်းစည်းလုံးလုံး၊ အပြန်အလှန်နားလည်မှုရှိသည့် အဖွဲ့အစည်း စိတ်ဓာတ်နှင့် စုပေါင်းဖေးကူ ဆောင်ရွက် နိုင်စွမ်းရှိရန်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ တပ်မတော်သား တပ်ဖွဲ့ဝင် အဆင့်အတန်းတိုင်းသည် နိုင်ငံ့လိုအပ်ချက်အရ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ တိုင်းအပေါ် ကျရောက် လာသည့် နိုင်ငံ့တာဝန်မှန်သမျှ ကို အပြည့်အဝဆုံးသော ခွန်အား၊ အထက်မြက်ဆုံး သော စွမ်းဆောင်ရည်များဖြင့် ကျေပွန်အောင်မြင်အောင် ထမ်းဆောင်သွားနိုင်ရန်လိုကြောင်း။
ယခုကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲသည်လည်း နိုင်ငံတော်ကချမှတ်ထားသော လူမှုရေး ဦးတည်ချက်တစ်ရပ် ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေး ကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသည့်အချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း လည်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲတွင် မိမိတို့တိုင်းစစ်ဌာနချုပ်၏ ဂုဏ်ကိုဆောင်နိုင်သူ အားကစားသမားဖြစ်ရမည်ဟူသည့် ရည်မှန်းချက်ထား ယှဉ်ပြိုင်သွားကြရန်၊ ရှိပြီးဖြစ်သည့် ကာယ၊ ဉာဏစွမ်းအားများကို ရေကုန် ရေခန်းထုတ်ဖော်ပြသပြီး တပ်မတော်ဂုဏ်ဆောင်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင် နိုင်သည့် အဆင့်ထိရောက်အောင် ကြိုးပမ်းသွားကြရန်၊ ကာကွယ်ရေးတာဝန် ကျေပွန်သည့် တပ်မတော်သား ကောင်းအဖြစ်သာမက တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစား သမားကောင်းများဖြစ်အောင် မလျှော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် စစ်ရေးပြမှူးကြီးဦးဆောင်၍ အလံတော်အဖွဲ့နှင့်အတူ ပြိုင်ပွဲဝင်အသင်းများက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု ထွက်ခွာကြသည်။
ကြည့်ရှုအားပေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါပွဲစဉ်တွင် တစ်ဖက်နှင့် တစ်ဖက်ရလဒ်ကောင်းရရှိနိုင်ရေး အပြန်အလှန် ဖိအားပေးကစားခဲ့ကြသော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကိုယ်စားပြုအသင်းက အချိတ်အဆက်မိမိ၊ ကစားကွက်မိမိဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကာ ကစားနိုင်ခဲ့သောကြောင့် ပွဲကစားချိန်မိနစ် အားလုံးပြီးဆုံးချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြု အသင်းက နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို လေးဂိုး - တစ်ဂိုး ဖြင့် အနိုင်ရရှိသွားသည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ တွင် ဘောလုံးပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲ၊ ပြေးခုန်ပစ် (ကျား/မ) ပြိုင်ပွဲ၊ မြန်မာ့သိုင်း (ကျား/မ) ပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ဘော်လီဘော(ကျား/မ)ပြိုင်ပွဲ၊ ဂျူဒို (ကျား/မ) ပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ပိုက်ကျော် ခြင်းပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲ စသည့် အားကစား ပြိုင်ပွဲ ၁၀ မျိုးအား အောက်တိုဘာ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်


