နေပြည်တော် စက်တင်ဘာ ၂၅
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်၌ ရေဘေးဖြစ်ပွားခဲ့မှုအခြေအနေ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ပံ့ပိုးထောက်ပံ့မည့် အခြေအနေ၊ သဘာဝဘေးလျော့ပါးရေးနှင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးတို့အတွက် အသိပညာရရှိစေရေး ဝန်ကြီးဌာနကဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထို့အတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရေကြီးရေလျှံမှုကြောင့် တပ်ကုန်းမြို့နယ်တွင် ထိခိုက်ဆုံးရှုံးခဲ့မှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပုံမှန်ဖြစ်စေရေး ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းကဏ္ဍများအတွက် နိုင်ငံတော်က ထောက်ပံ့ကူညီရန် လျာထားဆောင်ရွက်နေမှုများ ကို ရှင်းလင်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူ များအား ကယ်ဆယ်ရေးပစ္စည်းများ၊ အဝတ်အထည်များ၊ ဆန်၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်များ ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


