နေပြည်တော် စက်တင်ဘာ ၂၅
မြန်မာနိုင်ငံတက္ကသိုလ်များအနေဖြင့် သင်တန်းအဆင့် (Program Level)နှင့် တက္ကသိုလ် ကျောင်းအဆင့် (Institutional Level) နှစ်ခုစလုံးတွင် အာဆီယံတက္ကသိုလ်ကွန်ရက်၏ အရည် အသွေးအာမခံမှု (AUN-QA) စံနှုန်းသတ်မှတ်ချက်များနှင့် ပြည့်မီကိုက်ညီကြောင်း အသိအမှတ်ပြုမှု (Accreditation) ရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၁၃)တွင် ကျင်းပသည့် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ(NAQAC)၏ အရည် အသွေးအာမခံမှု (QA)ဆိုင်ရာ ပထမအကြိမ် အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြား ရေးမှူးချုပ်များ၊ NAQAC ကော်မတီဝင်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ကျောင်းများက ပေးအပ်လိုက်သည့် ပညာရေးသည် အမှန်တကယ်တန်ဖိုးရှိသည့် ပညာရေးဖြစ်သည်ဟု အာမခံမှုရှိရန် လိုအပ်ပါကြောင်း၊ သင်တန်းအဆင့် (Program Level)တွင် သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီဖြစ်စေရေး၊ ခေတ်မီစေရေး၊ လေ့လာသင်ယူ သူများ၏ လိုအပ်ချက်အပြင် ဈေးကွက်၏လိုအပ်ချက်နှင့်ပါ ကိုက်ညီစေရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကျောင်းအဆင့် (Institutional Level)တွင် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ သင်ကြား သင်ယူမှုနှင့် ဖွဲ့စည်းပုံများအတွက် စံချိန်စံညွှန်းများ ပြည့်မီစေရေး ကြိုးစားအားထုတ်ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံတက္ကသိုလ်များသည်လည်း အာဆီယံပညာရေးဆိုင်ရာ မူဘောင်တစ်ခုဖြစ်သော AUN-QA စံနှုန်းများနှင့်ကိုက်ညီရန် လိုအပ်ပါကြောင်း၊ NAQAC အနေဖြင့် မြန်မာနိုင်ငံတက္ကသိုလ်များအတွက် ထိုက်တန်သော နိုင်ငံတကာအသိအမှတ်ပြုမှုများ ရရှိစေရန်နှင့် ကျောင်းသားဖလှယ်ရေး အစီအစဉ်များတွင် မြန်မာကျောင်းသား၊ ကျောင်းသူများ ပိုမို ပါဝင်လာနိုင်စေရန်၊ ပညာသင်ဆုများ ပိုမိုဆွတ်ခူးရရှိစေရန်၊ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသော ကမ္ဘာ့ဈေးကွက်တွင် အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိလာစေရန် ပံ့ပိုးကူညီပေးရန်လိုအပ်ပါကြောင်း၊ တက္ကသိုလ်များ ကလည်း AUN-QA စံသတ်မှတ်ချက်များနှင့် စံနှုန်းများပြည့်မီကြောင်း အသိအမှတ်ပြုမှု (Accreditation) ရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က AUN-QA Guideline စာအုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာတွဲဖြင့် ပြုစုဖြန့်ဝေသွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ Guideline စာအုပ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများကျင်းပရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတက္ကသိုလ်၏ အတွင်းအရည်အသွေး စစ်ဆေးရေးအဖွဲ့များနှင့် NAQAC ၏ ပြင်ပအရည်အသွေးစစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးအကြံပြုချက် များအတိုင်း ပြင်ဆင်လိုက်နာ ဆောင်ရွက်ခြင်းဖြင့် AUN-QA အသိအမှတ်ပြုမှု လက်မှတ်ရရှိနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အစည်းအဝေး ဒုတိယပိုင်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကာ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


