နေပြည်တော် စက်တင်ဘာ ၂၅
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့(ASEANSAI)၏ အသိပညာမျှဝေမှု အစီအစဉ်အရ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် အကောင်အထည်ဖော်ဆောင်ရွက်မှု စစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် အသိပညာမျှဝေမှု အလုပ်ရုံဆွေးနွေးပွဲ” ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Video Conference စနစ်ဖြင့် လက်ခံကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက Video Message ဖြင့် နှုတ်ခွန်း ဆက်စကား ပြောကြားရာတွင် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများနှင့် ပူးပေါင်းစစ်ဆေးရာတွင် လေ့လာသိရှိခဲ့ရသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင် အကောင်အထည်ဖော်ဆောင်ရွက်မှု စစ်ဆေးခြင်းနှင့်စပ်လျဉ်းပြီး အသိပညာမျှဝေ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ကလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်နှင့်စပ်လျဉ်းသည့် စစ်ဆေးမှုများအကြောင်းကို အသိပညာမျှဝေ ဆွေးနွေးသွားမည်ဖြစ်သဖြင့် များစွာအကျိုးရှိလိမ့်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့၏ အတွေ့အကြုံ၊ စိတ်ကူး စိတ်သန်းနှင့် သတင်းအချက်အလက်များကို တိုးမြှင့်မျှဝေဆောင်ရွက်၍ ခိုင်မာသည့် ဆက်သွယ်ဆက်ဆံ ရေးများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မလေးရှားနိုင်ငံစာရင်းစစ်ချုပ် ASEANSAI Knowledge Sharing Committee ဥက္ကဋ္ဌ Mrs. Datuk Wan Surya Wan Mohd Radzi က Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြဇင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြသက်မွန်တို့က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် အကောင်အထည်ဖော် ဆောင်ရွက်မှု စစ်ဆေးခြင်းလုပ်ငန်းစဉ်များ၊ စစ်ဆေးမှုနည်းလမ်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံစာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် အကောင် အထည်ဖော်မှု စစ်ဆေးခြင်းမှ အတွေ့အကြုံများကိုလည်းကောင်း၊ မလေးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များက သစ်တောစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေး၍ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို ရုပ်သိမ်းလိုက်သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာ ၂၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


