နေပြည်တော်  စက်တင်ဘာ  ၂၅

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည်  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ သဲတော-သပြေတောင်းအကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် ရထားလမ်း တာပေါင်များနှင့် ရထာလမ်းတံတားနေရာများကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲ နိုင်ရေးအတွက် ရထားလမ်းများ၊ တံတားများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍  စနစ်တကျ ပြန်လည်ပြုပြင်သွားရန်၊ ရထားလမ်း တာပေါင် ကျဉ်းသော နေရာများ၊ ရေတိုက်စားထားသော နေရာများတွင် သတ်မှတ်အကျယ် ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်နှင့် လမ်းပိုင်းကြံခိုင်မှု ကောင်းမွန်အောင် ကျောက်ကြီးများချ၍ ပြုပြင်ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် စမုံ-သပြေတောင်းအကြား ပျက်စီးချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သည့် တံတားအမှတ် ၆၉၁ အဆန်တံတား ချဉ်းကပ်တာပေါင်၊ ကမ်းကပ်ခုံရေတိုက် စားမှုနှင့် Bored Pile များ အောက်ခြေတွင် ရေတိုက်စားခံရမှု ရှိ/ မရှိ အခြေအနေကို သွားရောက်စစ်ဆေးပြီး တံတားကမ်းကပ်ခုံ ရေတိုက်စားသွားသည့် နေရာတွင် Pile ရိုက်စက်ဖြင့် စနစ်တကျ Sheet Pile ရိုက်၍ သဲမှုတ်သွင်းခြင်း ဆောင်ရွက်သွားရန်၊ ပြုတ်ကျ သွားသည့် အစုန်တံတား သံဘောင်များနေရာတွင် ယာယီ Bailey ထိုး၍ ပြုပြင်ဆောင်ရွက် သွားရန်၊ သံလမ်းပြန်ခင်းရာတွင်လည်း Alignment မှန်ကန်စေရေးအတွက် သံလမ်းအဖြောင့် ဆွဲခြင်း၊ လမ်းမြှောက် ပါကင်ရိုက်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန်၊ လမ်းပိုင်းကြံ့ခိုင်မှု ကောင်းမွန်စေရေးတို့ကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် စက်ယာဉ်ယန္တရားများ အမြန်ရောက်ရှိစေရေး စီစဉ်ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်ကောင်းမွန်အောင် စနစ်တကျပြုပြင်ရန်၊ လိုအပ်သည့်ပစ္စည်းများ လုံလောက်မှုရှိအောင် စီစဉ်ထောက်ပံ့ပေးသွားရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများကို အလေအလွင့်မဖြစ်အောင် စနစ်တကျ ပြန်လည် အသုံးပြုသွားရန်နှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပုံမှန်အတိုင်း လူစီးရထားနှင့် ကုန်ရထား ခရီးစဉ်များ အမြန်ပြန်လည် ပြေးဆွဲနိုင်ရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)