နေပြည်တော် စက်တင်ဘာ ၂၆

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဦးဆောင်မှု၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ပူးပေါင်းမှုဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဝန်ထမ်းစုဆောင်းရွေးချယ်ခြင်းနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အဆင့်မြှင့်တင်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇) Virtual Platform ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဆန်းမြင့်၊ သူရဦးဘိုနီနှင့် ဦးကျော်မျိုးထွဋ်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍနှင့် ဆက်စပ်ကဏ္ဍများမှ ပြည်တွင်း၊ ပြည်ပ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲ ပထမပိုင်းကို ကျင်းပရာ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းဖြူဖြူပွင့်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ ဝန်ထမ်းစုဆောင်းရွေးချယ်ခြင်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်မှုအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပြီး ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုပြည်သူ့ဒီမို ကရက်တစ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ကိုယ်စားလှယ်များက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအပေါ် လက်ရှိလုပ်ဆောင်လျက်ရှိသည့် အတွေ့အကြုံနှင့် နည်းလမ်းကောင်းများကို အဖွဲ့ဝင်နိုင်ငံများအကြား မျှဝေဖလှယ်ကြပြီး တင်ပြခဲ့သည့် အချက်အလက်များအပေါ် ဦးဆောင်ဆွေးနွေးသူက ပြန်လည်ရှင်းလင်းသည်။

 

ထို့နောက် ဆွေးနွေးပွဲဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ လေ့ကျင့်သင်ကြားရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်မှုအပေါ် ခြုံငုံသုံးသပ်ခြင်းကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခ ဦးတင်စိုးက ဦးဆောင်ဆွေးနွေးပြီး မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက လက်ရှိစိန်ခေါ်မှုများနှင့် အလားအလာများအပေါ် မျှဝေဖလှယ်ကြပြီး တင်ပြခဲ့သည့် အချက်အလက်များအပေါ် ဦးဆောင်ဆွေးနွေးသူက ပြန်လည်ရှင်းလင်းသည်။

 

ဆက်လက်၍ အုပ်စုအလိုက်ဆွေးနွေးကာ ဆွေးနွေးမှုရလဒ်ကို အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြကြ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်က အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကအချက်များကို ကောက်နှုတ်သုံးသပ်ကာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂ဝ၂၁-၂ဝ၂၅) အတွက် မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းစီမံချက်တစ်ခုဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ဝန်ထမ်းစုဆောင်းရွေးချယ်ရေးနှင့် လေ့ကျင့်သင်ကြားရေးစနစ်တို့တွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဖော်ထုတ်လေ့လာပြီး ပိုမိုကောင်းမွန် ထိရောက်သော စနစ်ကိုအသုံးပြုရန်၊ ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြု၍ အကြံပြုချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို မှတ်တမ်းတင်ရန်၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများကို မျှဝေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်