နေပြည်တော် စက်တင်ဘာ ၂၆

မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အထွေအထွေအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ MITS ဒါရိုက်တာအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက် (MITS) သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရာနှုန်းပြည့်ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တစ်ဖက်တစ်လမ်းမှ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ MITS အနေဖြင့် ပြည်ပသို့ ပစ္စည်းများတင်ပို့သည့် ကုမ္ပဏီများ ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် အရေအတွက်နှင့် အရည်အသွေးများကို သင်္ဘောမတင်မီ (Pre-shipment Inspection) စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက သိုလှောင်ထားရှိသည့် ပြည်ပပို့ကုန်များဖြစ်သည့် လယ်ယာထွက်ကုန်သီးနှံများ၊ ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများနှင့် ဘူးသွင်းဆီများ၏ အရေအတွက်၊ အရည်အသွေးတို့အား စစ်ဆေးခြင်း၊ ကတ္တရာများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ကိုယ်စားပြုနမူနာရယူခြင်းစသည့် လုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိရာ အခြားပို့ကုန် သွင်းကုန်ပစ္စည်းများကိုလည်း ထပ်မံတိုးချဲ့စစ်ဆေးနိုင်ရေး ကြိုးပမ်းသွားရန် တိုက်တွန်းလိုကြောင်း၊ MITS သည် နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ အားကိုးအားထားနိုင်သည့် အဖွဲ့အစည်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် အဖွဲ့အစည်း၊ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး အဂတိတရား ကင်းရှင်းသည့် အဖွဲ့အစည်းဖြစ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် MITS ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြပြီး ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း၊ အတည်ပြုခြင်းနှင့် MITS တွင် ပို့ကုန်သွင်းကုန်စစ်ဆေးရန် လုပ်ငန်းအများဆုံးအပ်နှံပေးကြသည့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ကြီးများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်