နေပြည်တော် စက်တင်ဘာ ၂၆
(၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေး ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများ၏ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေစဉ်တွင် ဝန်ကြီးများအဆင့်အစည်းအဝေး တစ်ကြိမ်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး နှစ်ကြိမ်တို့ကို ဦးဆောင်၍ ကျင်းပပြုလုပ်ပေးရမည် ဖြစ်သည့်အတွက် ယခု (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို Virtual စနစ်ဖြင့် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပပြုလုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံက ဦးဆောင်ကျင်းပပြုလုပ်သည့် အာဆီယံဒေသအဆင့်အစည်းအဝေးကို ပေါင်းစပ်ဆောင်ရွက်မှုအားများဖြင့် ဆောင်ရွက်ကြပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က အစည်းအဝေးကျင်းပရခြင်းရည်ရွယ်ချက်၊ မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပရာတွင်အသုံးပြုမည့် ဆောင်ပုဒ်၊ အစည်းအဝေးကျင်းပရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ အစည်းအဝေးကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာသူများက (၁၃) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


