နေပြည်တော် စက်တင်ဘာ ၂၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ သာယာစု (အရှေ့) ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်း ရေဝင်ရောက်ခဲ့မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းများဖယ်ရှားရှင်းလင်းနေမှု၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးကာ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပျဉ်းမနားမြို့နယ်၊ အင်းသာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း (သာယာအင်း) ကျောင်းဝင်းအတွင်း ရေဝင်ရောက်ခဲ့မှုကြောင့် တင်ကျန်ခဲ့သည့်နုန်းများဖယ်ရှား ရှင်းလင်းနေမှုနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပျဉ်းမနားမြို့နယ် မွန်းတည့်ခွင် - ကျည်တောင် - ခေါမ - ညောင်ပင်သာသို့ ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ ဇီးဖြူပင်ကျေးရွာအနီး ကတ္တရာလမ်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့်နေရာအား ပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ သစ်ဆိမ့်ပင်ကျေးရွာနှင့် ဇီးဖြူပင်ကျေးရွာအကြားတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ပေါင်းလောင်းလက်ယာ မြောင်းမကြီး ရေမြောင်းတာဘောင်ပြုပြင်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအတွင်း နုန်းများဖယ်ရှားရှင်းလင်းနေမှု၊ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဆင်သေကျေးရွာ သာသနာ့ပုညကာရီရွာဦးကျောင်းတိုက်အတွင်း ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားကာ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ထမင်းဘူးများထောက်ပံ့ပေးအပ်ပြီး သာသနာ့ပုညကာရီရွာဦး ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပသည့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/ ၂၀၂၄) အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတိုင်းဦးစီးမှူးက သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာတင်ပြလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်
Breaking News


