နေပြည်တော် စက်တင်ဘာ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့ ရွှေဖောင်ဒေးရှင်းခန်းမ၌ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံရာ သမဝါယမဦးစီးဌာန တာဝန်ရှိသူများက ကျောက်ဆည်မြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ နေကြာတိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် သမဝါယမအသင်းများမှ လျာထားစိုက်ဧက ပြည့်မီအောင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထွက်ရှိလာသော ဆီထွက်သီးနှံ နေကြာများကို ဝယ်ယူကြိတ်ခွဲအဖွဲ့၊ ဆီကြိတ်စက် လုပ်ငန်းရှင်များနှင့် စနစ်တကျချိတ်ဆက်ပြီး ဈေးကွက်သေချာစေရေး စီမံဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောက်ဆည်မြို့နယ်အတွင်း သမဝါယမအသင်း (၄၀) မှ နေကြာစိုက် အသင်းသားတောင်သူ (၁၃၁၇) ဦးတို့၏ စိုက်ပျိုးမြေဧက (၄၄၆၁) ဧကအတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့နှင့် သွင်းအားစုများကို အသင်းသား တောင်သူများထံ ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် ကျောက်ဆည်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည် - ငှက္ကတောင် ဆက်သွယ်သောလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင် လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ (၁၈၀) တို့၏ ဝါစိုက်ဧက (၉၈၄) ဧကပေါ်တွင် စိုက်ပျိုးထားသော မိုးဝါစိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄ - ၂၀၂၅ ခုဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ကျေးရွာထည့်ဝင်ငွေ ကျပ် ၆၁ ဒသမ ၄ သိန်းကျော်ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာများအနက် သမန္တလင်းကျေးရွာ၌ သင်တန်းသူ (၁၄) ဦးဖြင့် ဖွင့်လှစ်ခဲ့သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းပြီး လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသားများအနက်မှ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့်သူ (၅) ဦးကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


