နေပြည်တော် စက်တင်ဘာ ၂၅
သမဝါယမအသင်းဖွဲ့စည်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်နှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ မူဝါဒတစ်ရပ်ဖြစ်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည့် သမဝါယမစနစ်၊ သမဝါယမစီးပွားရေးကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများအားလုံး သိရှိထားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး သမဝါယမအသင်း ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းသည့် ဟောပြောချက်များအား သေချာစွာလေ့လာမှတ်သားကြရန်နှင့် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဝိုင်းဝန်းဆွေးနွေးပြီး မိမိတစ်ဦးချင်းမှစ၍ မိမိအဖွဲ့အစည်း၊ မိမိ၏ဌာနအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ပါဝင်၍ သမဝါယမအသင်းသားကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနတွင် သမဝါယမစနစ်ကို ထူထောင်၍ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သမဝါယမအသင်းများ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး
အသိပညာပေး ဟောပြောပွဲတက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ အသိပညာဆွေးနွေးပွဲကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဦးကီးလိန်းက ကလေး အလုပ်သမားဆိုင်ရာ အခြေခံအချက်များနှင့် ဥပဒေရေးရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်း၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာနိုင်က ကလေးအလုပ်သမားဆိုင်ရာ ဥပဒေကောက်နုတ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးခွန်းများ မေးမြန်းဖြေကြားမှုများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


