နေပြည်တော်၊ စက်တင်ဘာ ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
စက်တင်ဘာ ၂၄ နှင့် ၂၅ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၄၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၂၇၁,၃၉၁) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂) စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် လူသုံးကုန်ပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၁၈၄,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁) စီးနှင့် Dagon Tawwin Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁,၄၅၅,၃၉၁) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စက်တင်ဘာ ၂၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာ၌ တရားမဝင် အခြားသစ် (၃ ဒသမ ၀၉၈) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၁၉,၇၆၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ ကော့သောင်းမြို့၊ သီရိမြိုင် ရပ်ကွက်၊ (၃) မိုင် အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း စုပုံထားသော တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁) မျိုး၊ စားသောက်ကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၂၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၈၁၉,၇၆၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး - ပြင်ဦးလွင်လမ်း၊ မိုင်တိုင်အမှတ် (၂၁) အနီး၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၄) မျိုး၊ လူသုံးကုန်ပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၆၈၉,၇၈၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan Mini Bus (၁) စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၆၈၉,၇၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၀၆)ရပ်ကွက်၊ ရိုးမလမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားမဝင် အခြားသစ် (၈ ဒသမ ၂၇၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၈၅,၇၆၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Nissan Diesel Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် (၂) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉,၄၈၅,၇၆၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော် (၁) လမ်းအနီး လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန် ပစ္စည်း (၁၃) မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၅၁၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စက်တင်ဘာ ၂၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒေးဒရဲမြို့၊ အမှတ် (၁) ရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၁၂၅) ဂါလန်၊ ဓာတ်ဆီ (၂၁) ဂါလန်နှင့် ဆက်စပ်ပစ္စည်း (၄) မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၁၀,၉၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ် (၂) စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ ပခုက္ကူခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၆) စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ်၂,၄၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ စက်တင်ဘာ ၂၄ ၊ ၂၅ နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၇,၄၂၁,၆၃၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်