စက်တင်ဘာ ၂၇
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ၂၀၂၄ ခုနှစ်အတွင်း ခြောက်သန်းနီးပါးရှိမည်ဟု မျှော်မှန်းထားကြောင်း ဝန်ကြီးချုပ်ဟွန်မာနတ်က ယမန်နေ့က ပြောသည်။ ၂၀၂၃ ခုနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၅ ဒသမ ၄၅ သန်း ရှိရာ ယခုနှစ်တွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ပိုမိုများပြားမည်ဟု ယူဆကြောင်း ၎င်းကပြောသည်။
ယခုနှစ်ပထမခုနစ်လအတွင်း နိုင်ငံခြားခရီးသွား ၃ ဒသမ ၇၅ သန်း ဝင်ရောက်ခဲ့ရာ လွန်ခဲ့သောနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၂၃ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှခရီးသွားများ ဝင်ရောက်မှုအများဆုံးဖြစ်သည်ဟု ထပ်လောင်း ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ခုနစ်သန်းနှင့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ခြောက်သန်းနီးပါးဝင်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာတွင် ဟွန်မာနတ်က ပြောကြားထားသည်။
ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးလုပ်ငန်းကိုအထောက်အကူပြုသော ကဏ္ဍကြီးလေးခုအနက် တစ်ခုဖြစ်သည်။ ၂၀၂၃ ခုနှစ်က စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၈ ဘီလီယံ ရရှိကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ယူနက်စကိုစာရင်းဝင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာ လေးခုရှိပြီး အလျား ၄၅၀ ကီလိုမီတာရှိ ကမ်းရိုးတန်းတစ်ခုရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို