နေပြည်တော် စက်တင်ဘာ ၂၇

 

စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ ပြန်လည်ကုစားနိုင်ရေး ညှိနှိုင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြပြီး လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် ရေကျပြီးနောက် ပြန်လည်စိုက်ပျိုးမည့် အစီအစဉ်များ၊ သီးနှံမျိုးစေ့လိုအပ်ချက်များကို ဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲတွင် တောင်သူကိုယ်စားလှယ်များ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးက ထိခိုက်ပျက်စီးခဲ့သည့် စပါးခင်းများ ရေကျပြီးနောက် ပြန်လည်ပြုစု ထိန်းသိမ်းရာတွင် လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ ရေကြီးနစ်မြုပ်ပြီး စပါးစိုက်ခင်းများတွင် နောက်ဆက်တွဲ ကျရောက်နိုင်သည့် ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြေ၊ မျိုး၊ ပိုးတာဝန်ခံများက ဒေသခံတောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး၊ ရေကြီးနစ်မြုပ်ပျက်စီးဧရိယာများ ပြန်လည်စိုက်ပျိုးရန်ခရိုင်နှင့် မြို့နယ်အလိုက် ကြက်သွန်၊ ပဲမျိုးစုံနှင့် သစ်စိမ်းသီးနှံမျိုးများ ကြိုတင်စုဆောင်းထားရှိရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုင်းသန်းအောင်က ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများထိခိုက်ပျက်စီးမှုနှင့် ပြန်လည်စိုက်ပျိုးမည့် အခြေအနေများ၊ မိုးစပါးရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှုနှင့် သီးနှံများပြန်လည် စိုက်ပျိုးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့နယ်ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်စိုက်ခင်း၌ စိုက်ပျိုးထားရှိသည့် မိုးစပါး စိုက်ဧက(၃၀)ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်