ရန်ကုန် စက်တင်ဘာ ၂၆

 

ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခဲ့ရသည့် မိုးစပါးစိုက်ခင်း ၁၁၀၁၅၀၆ ဧကတွင် ၄၆၇၉၆ ဧက ပြန်လည်စိုက်ပျိုးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ယခုနှစ်မိုးရာသီတွင် တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧက တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ၁၁၀၁၅၀၆ ဧက စိုက်ပျိုးခဲ့ပြီး လှိုင်မြစ်ရေမြင့် တက်ခဲ့မှုကြောင့် ရေနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်း ၉၉၂၀၅ ဧက ရေပြန်ပေါ်ခဲ့ရာ ရေကျဆင်းသွားသည့် ရေပြန်ပေါ်လာသည့် လယ်ကွင်းများ၌ စက်တင်ဘာ ၂၅ ရက်အထိ မိုးစပါး ၄၆၇၉၆ ဧက ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသည် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်မှုရှိခဲ့သော မိုးစပါးဧရိယာတို့တွင် ကောက်ပင်စိပ်သည့်နေရာမှ ပြန်လည်နုတ်ယူ၍ ကောက်ပင်ကျဲသွားသောနေရာတို့၌ ကောက်ပင်ဖာထေးခြင်း၊ ကောက်ပင်လှန်နိုင်မှု အားကောင်းစေရန် ရေထုတ်ပေးခြင်း၊ ကျောက်မှုန့်ဂျစ်ပဆန်(၁၁၂ပေါင်/ဧက) ကြဲပက်ခြင်း၊ အပင်လှန်ပြီးချိန်တွင် ယူရီးယားဓာတ်မြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာကို တစ်အချိုးတစ်နှုန်းဖြင့် တစ်ဧကလျင် ၅၆ ပေါင်နှုန်းထည့်သွင်းခြင်း၊ စပါးပင်အနှံလောင်း ဖြစ်တည်ချိန်၌ တစ်ဧကလျှင် ပိုတက်ဓာတ်မြေဩဇာ ၁/၄ အိတ်နှုန်းထည့်သွင်းခြင်း စသည့် သွင်းအားစုထည့်သွင်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပြီး ရေကြီးနစ်မြုပ်ပျက်စီးသွားသော ဧရိယာအလိုက် လိုအပ်သောမိုးစပါးနှင့် ဓာတ်မြေဩဇာတို့ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သီးနှံပေါ်ပေးစနစ်ဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

၂၀၂၄-၂၀၂၅ ခုနှစ်တွင် ထိခိုက်ပျက်စီးခဲ့သော မိုးစပါးဧရိယာများ အပြည့်အဝ ပြန်လည်စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် ရပ်ကွက်၊ ကျေးရွာ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ ပူးပေါင်း၍ ကြိုတင်ဆောင်ရွက်ထားသည့် အရန်ပျိုးပင်၊ အရန်မျိုးစပါးတို့ စီမံပေးခြင်း၊ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော ဧရိယာတို့တွင် အထွက်နှုန်း လျော့နည်းမှုမရှိစေရေး ဆောင်ရွက်မည့်နည်းလမ်းများအား နည်းပညာပေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကာ စိုက်ပျိုးရန်ကျန်ရှိသော လယ်ကွက်များ၌ အောက်တိုဘာလကုန်ပိုင်းအထိ အချိန်နှင့်တစ်ပြေးညီ ပြန်လည်စိုက်ပျိုးသွားနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ- ကနူး

ညိမ်းသူ(သတင်းစဉ်)